2000 Music Essay (Part-6)

October 23, 2025

2000 Music Essay (Part-6)


🍪Rap Rock (ပြည်တွင်း)


Rap Rock တွေနဲ့ အော်လ်တာရော့ခ်ကို ဖြစ်စေခဲ့တာတွေလည်း ရှိတယ် ။ မြေပဲယိုအဖွဲ့ရဲ့ မူကြို (၂၀၀၃)ထဲက သီချင်းတွေဟာ တစ်ပုဒ်နှစ်ပုဒ်ကလွဲရင် Rap Rock တွေဖြစ်တယ် ။ ထူးအိမ်သင်ရဲ့ အရင်အတိုင်း စီးရီးထဲမှာပါတဲ့ "အိပ်မက်"သီချင်းကို အော်လ်တာဗားရှင်းနဲ့ ပြန်တီးထားတယ် ။ မြေပဲယို အပေါ်မှာတော့ Red Hot Chili Peppers ၊ gorillaz နဲ့ 311 တို့ရဲ့ ဟန်တွေ တွေ့ရတယ် ။ သံစဥ်တွေ စာသားတွေ ကောင်းပါလျက် သီချင်းသံတွေက Demo ဆန်နေတယ် ။ Record ပိုင်းလိုအပ်ချက်၊ Instruments ကို နိုင်ငံခြားက အော်လ်တာသမားတွေ သုံးသလို မသုံးနိုင်တဲ့ လိုအပ်ချက်တွေကြောင့် ထင်ပါရဲ့၊ အော်လ်တာတော့ အော်လ်တာ ပြည်တွင်းစက်ရုံကနေ ပြန်ထုတ်ထားတဲ့ အော်လ်တာသာ ဖြစ်နေတယ် ။ ဟမ်ဘာဂါတော့ ဟမ်ဘာဂါ ၊ ကျောင်းဈေးတန်းမှာ ရယ်ဒီမိတ် လုပ်ရောင်းတဲ့ ဟမ်ဘာဂါကို စားရသလိုမျိုး ဖြစ်နေတယ် ။ ဒီစီးရီးထဲမှာ ဟိုတုန်းက အရိုးဆုံးလို့ ထင်ရတဲ့ "ဘာညာသီချင်း" ကတော့ အခု ပြန်နားထောင်ချိန်မှာ အဆန်းဆုံးဖြစ်နေလေရဲ့ ။


ပြီးတော့ ရေပျော်ငှက်တို့ရဲ့ ရင်ခုန်သံ (၂၀၀၄) ထဲက မောင်မောင်ဇော်လတ်ရေးပြီး ဂရေဟမ်နဲ့ rapper လင်းလင်း(NS) ဆိုထားတဲ့ အိပ်မက် ၊ မျိုးကျော့မြိုင် - လူဖြစ်ရတဲ့ဒုက္ခ (၂၀၀၃) ထဲက လူဖြစ်ရတဲ့ဒုက္ခ ။ အဲဒီ Rap Rock တွေကိုတော့ ကျွန်တော် ကြိုက်ခဲ့တယ် ။ ဂရေဟမ် သီချင်းဆို တခါမှ နားမထောင်ချင်ခဲ့ပေမယ့် ဒီတစ်ပုဒ်တော့ ၂၀၀၀ခုနှစ် Alt-Rock လက်ရွေးစင်ထဲ ထည့်ထားလိုက်တယ် ။ ဒိုးလုံးနဲ့ မျိုးကျော့မြိုင် ရဲ့ စားသုံးကြည့်(၂၀၀၂) စီးရီးထဲမှာလည်း သူတို့နှစ်ယောက်တွဲဆိုထားတဲ့ စားသုံးကြည့် ၊ မခံနိုင်ဘူး ၊ ငါတို့လန်းတဲ့နေ စတဲ့ သီချင်းတွေ ။


💽လက်ရွေးစင် A-R တွေ


လိပ်ပြာတို့ မျက်နှာတို့လို စီးရီးတစ်ခုလုံးအနေနဲ့ မဟုတ်ပဲ ၂၀၀၀ခုနှစ် Alternative Rock တွေအဖြစ် ကျွန်တော် ကြိုက်နှစ်သက်ခဲ့တာတွေက နတ်သမီးပုံပြင်ထဲက(၂၀၀၄)ထဲက မောင်မောင်ဇော်လတ် ရေးပြီး စည်သူလွင် ဆိုတဲ့ "နေပါစေ"(ကော်ပီတော့ ကော်ပီပါပဲ) ၊ ပြီးတော့ ထူးအိမ်သင် ချစ်ခြင်းအားဖြင့် (၂၀၀၀ နှောင်းပိုင်း) ထဲက မောင်မောင်ဇော်လတ်ရေး ထူးအိမ်သင်နဲ့ ဂျီလတ်ဆိုတဲ့ "ငါတရားစီရင်တော်မူခန်း" ။ အလွမ်းရဲ့ည (၂၀၀၅) ထဲက Big Bag ရဲ့ ကြုံတွေ့ဖူးသလား ၊ အိန်ဂျယ် ၂ ထဲက သအိုရဲ့ "ပြန်တွေးမနေနဲ့" (Post Grunge ကော်ပီ) ၊ Big Bag ရဲ့ "ဆူး" ၊ ဒိုးလုံးနဲ့ မျိုးကျော့မြိုင် ရဲ့ "စားသုံးကြည့်"(၂၀၀၂) ထဲက ဒိုးလုံးရဲ့ လမ်းလျှောက်ထွက်ခြင်း ၊ ဘယ်သူ့အတွက်ကြောင့် ၊ ဒုက္ခရောက်သော နှလုံးသား ။ အလွမ်းရဲ့ည (၂၀၀၅) ထဲက မောင်မောင်ဇော်လတ် ကျားပေါက် ကိုင်ဇာတင်မုံ သုံးယောက်ပေါင်းဆိုထားတဲ့ စိုင်းခမ်းလိတ်ရဲ့ ပလက်ဖေါင်းမင်းသား ။ ဒါတွေက ၂၀၀၀ခုနှစ်အလယ်လောက်အထိမှာ ကျွန်တော်အကြိုက်ခဲ့ရဆုံးတွေပဲ ။


A-R ကို ကော်ပီလုပ်တဲ့ သီချင်းတချို့မှာ စာသားထည့်သွင်းမှု လျော့ရဲနေတာတွေ ရှိတတ်သလို ၁၉၈၂က စိုင်းခမ်းလတ်ရဲ့ ပလက်ဖေါင်းမင်းသားလို စာသားဖွဲ့စပ်မှုတွေက ၂၀၀၀ အကျော်မှာ A-R ဗားရှင်းနဲ့ ပြန်ဖန်တီးဖို့ ခေတ်ရှေ့ပြေးနေတာ ၊ ခေတ်စိတ္တဇတွေ ပြည့်ဝနေတာလည်း ရှိတတ်ပါတယ် ။ Antibiotic ပြန်ဆို/တီးခတ်ခဲ့တဲ့ ချစ်ကောင်းရဲ့ “ချစ်သူအားပေး”လို ၊ Big Bag စတိုင်နဲ့ ပြန် ဆို/တီးခဲ့တဲ့ ပလေးဘွိုင်သန်းနိုင်ရဲ့ “လမ်းဆက်လျှောက်မယ်” ၊ စိုးလွင်လွင်ရဲ့ “ထာဝရသစ္စာ” ၊ စိုင်းထီးဆိုင်ရဲ့ သန်းခေါင်ထက် ညည့်မနက် ၊ မျိုးကျော့မြိုင်ဗားရှင်းနဲ့ ပြန်လုပ်ထားတဲ့ စိုင်းထီးဆိုင်ရဲ့ “နေရာတိုင်းမှာ” စသဖြင့် သီချင်းဟောင်းတွေဟာ အော်လ်တာနေးတစ် သီချင်းကောင်းတွေ ဖြစ်လာခဲ့တယ် ။


အော်လ်တာနေးတစ်ရော့ခ် ဖြစ်လာဖို့ အနောက်တိုင်းကလို ဘုရားသခင်ကို မေးခွန်းထုတ်ခြင်း ၊ အစိုးရနဲ့ ကျောင်းပညာရေးကို ဝေဖန်ဟားတိုက်ခြင်း ၊ မူးယစ်ဆေးသုံးအာရုံအတွေ့အကြုံကို ရေးဖွဲ့ခြင်း စတာတွေ မပါပေမယ့် လူသားအားလုံးမှာ ကြုံတွေ့နိုင်တဲ့ မြို့ပြအာရုံခံစားမှု ၊ အသည်းကွဲရမှုတွေ ၊ စိတ္တဇဝေဒနာ စတာတွေကို လေးနက်လှပအောင် ရေးဖွဲ့ထားခြင်းတွေနဲ့လည်း အော်လ်တာနေးတစ်ရော့ခ်အဖြစ် ပြန်လည်ဆန်းသစ်နိုင်တာပဲ မဟုတ်လား ။


👽Indie နဲ့ A-R (ပြည်တွင်း)


Big Bag ရဲ့ ပြည်တွင်းမှာ ဖြန့်ချီခွင့်မရှိခဲ့တဲ့ The Sun Factory စီးရီး ၊ Side effect ရဲ့ “မိုးညအိပ်မက်များ”လို (၂၀၀၄ မှာထင်တယ် ၊ သိတဲ့သူတွေ ပြင်ပေးပါ) Indie Rock , Post Punk တွေနဲ့ ထူးထူးခြားခြား ထွက်ခဲ့တဲ့ band တွေလည်း ရှိတယ် ။ Big Bagဟာ ပထမထွက်ခဲ့တဲ့ စီးရီးတွေထဲက Punk,Pop Punk,Skate Punk တွေထက် The Sun Factory မှာ Experimental rockတွေ Indie Rock တွေ ဖြစ်လာတယ် ။


Side effect ကတော့ UG Band တစ်ခုဖြစ်တယ် ။ သူတို့ စလုပ်ချိန်မှာ အင်ဒီတွေ ပို့စ်ပန့်ခ်တွေ ဒီမှာ သိပ်မပြောကြသေးဘူး ။ မပြောကြသေးဘူးဆို ပြည်တွင်းဂီတရေစီးကြီးက ဖြစ်ချင်သလို ဖြစ်နေတဲ့ ကာလလေ ။ ကျွန်တော်က ဒီမှာ ရော့ခ်ရေစီးကို အသားပေးပြီး Alter တွေကိုသာ ပြောနေတာ တကယ်တမ်း အဲဒီကာလ(၂၀၀၀ခုနှစ်တွေ)မှာ လွမ်းမိုးကြီးစိုနေတာက ဒီဗီဒီကာရာအိုကေ ယဉ်ကျေးမှုအခြေနေနဲ့အတူ ပြန်ဆိုတေးတွေ ၊ ဟစ်ဟော့ပ်မကျ ပေါ့ပ်မကျ Pop Rap လိုလို RnB လိုလိုတွေရဲ့ ခေတ်လေ ။ အဲဒီကာလမှာ Side effect ကို Alternative Rock ခေါင်းစဉ်အောက် ထည့်မယ်ဆိုလည်း ထည့်လို့ရပါတယ် ။ ဒါပေမယ့် တိတိကျကျ သတ်မှတ်ချင်ရင်တော့ သူတို့က Inide Rock ဒါမှမဟုတ် Garage Rock Revival တွေပဲ ။ အမေရိကန်က The Strokes တို့ The White Stripes တို့ရဲ့ဂီတပုံစံနဲ့ နီးစပ်တယ် ။


🕳Underground A-R (ပြည်တွင်း)


Alternative Rock တွေ ဖြစ်ပေမယ့် Underground လား ၊ ၂၀၀၀အလွန်မှ ထွက်တာလား ကျွန်တော် သေချာ မသိရတဲ့ Band တွေ စီးရီးတွေ သီချင်းတွေလည်း ရှိပါတယ် ။ (သိမီသူတွေ ဖြည့်စွက်ပေးစေချင်ပါတယ် ) Post Grunge ဖက်ကိုရောက်တဲ့ Drive -Greenpage ၊ လဝီ -နိဒါန်း ၊ Noizegate - ဂီတ ၊ အုပ်စိုး- ဂီတ၏ ကျေးကျွန်များ ၊ ဝမ်းဝမ်း - ကတိစကား ၊ စိုင်းလေး - ရထား ၊ Sense Liar - အာရုံများကို လှည့်စားခြင်း ၊ Sixthu - စိတ်ကူးပြတိုက် ၊ ၉၀ခုနှစ် အော်လ်တာပုံစံနဲ့ ရွေ့လာတဲ့ Alternative Rock တွေအဖြစ် The Storytellers ရဲ့ 4712 ၊ လူစိန်ပိုင် - လမ်းစဉ် ၊ ရင်အောင် ၊ November 24 ၊ (အဲဒီတုန်းက စီးရီးမထွက်သေးတဲ့ ) သာဒီးလူ နဲ့ ဖြိုးကျော်ထိုက် ရဲ့ အနောက်တိုင်းက မဇ္စိုမ္မ စသဖြင့် ။


Main stream မှာ မော်ဒန်ရော့ခ်အမည်ခံ Alternative Rock နဲ့ Post Grunge တွေ ပလူပျံနေချိန်မှာ UG က Nu-Metal သမားတွေက ခါးထောက်ကြည့်နေလောက်ပြီပေါ့လေ ။



၂၀၀၀ခုနှစ်တွေဆိုတာ အခြေနေဘယ်လိုရှိလဲ ခင်ဗျားတို့ သိပါတယ် ။ ကျွန်တော်တို့ မဂ္ဂဇင်းကဗျာတွေ မင်နီနဲ့ အခြစ်ခံရတုန်းပဲ ။ ဂီတသမားတွေရဲ့ ဆံပင်ရှည်တွေ ဆင်ဆာငွေမင်နဲ့ အပိတ်ခံရတုန်းပဲ ။ မြန်မာ့အသံမှာ တံတားတွေ ဘုရားတွေ တည်လို့ ကောင်းတုန်းပဲ ။ ဒါပေမယ့် မာကျောတဲ့ နံရံတွေကို နည်းအမျိုးမျိုးနဲ့ ဖြတ်ကျော်ခဲ့ကြတဲ့ လူငယ်တွေကတော့ ထွက်လာတာပါပဲ ။ အဲဒီလူငယ်တွေဟာ အမ်တီဗွီတွေ ကြည့်တယ် ၊ ကက်ဆက်ကြီးထမ်းပြီး လမ်းပေါ်ထွက်တယ် ၊ ဘီအမ်အိပ်စ်ဘီးတွေ စီးတယ် ၊ မော်ဒန်ကဗျာတွေ ရေးတယ် ၊ ရဲ့ပ်တွေရွတ်တယ် ၊ ကားဂိုဒေါင်မှာ ပန့်ခ်သီချင်းတွေ တီးတယ် ၊ Nu Metal သီချင်းကိုတောင် ဖန်တီးလိုက်ကြသေးတယ်လေ ။


ပြန်စဉ်းစားကြည့်ရင် အံ့သြစရာပါပဲ ။ ၇၀ ခုနှစ်မှာ မင်းမင်းလတ်တို့ အံ့သြစရာကောင်းခဲ့သလိုပဲ ၊ ၈၀မှာ ဇော်ဝင်းထွဋ်တို့ ရွက်လွှင့်ခဲ့သလိုပဲ ၊ ၉၀မှာ The Ants တွေ ထကြွခဲ့သလိုပဲ ။ ၂၀၀၀ခုနှစ်အစောပိုင်း ကမ္ဘာမှာ Nu Metal ဟာ စင်ပေါ်ရောက်လာပြီး မရှေးမနှောင်းမှာ ကျွန်တော်တို့ဆီမှာလည်း Nu Metal ကို လိုက်လုပ်ကြတဲ့ လူငယ်တွေရဲ့အန်ဒါဂရောင်းတီးဝိုင်းတွေ ပေါ်ထွက်လာတယ် ။ KFC တို့ ဘာတို့ မဟုတ်တဲ့ ပြည်တွင်းဖြစ် ဟမ်ဘာကာပေါ့လေ ။ Nu Metal ရယ်လို့ ပီပီသသ ခေါ်ဆိုနိုင်တဲ့ Korn ရဲ့ ပထအဆုံးအယ်လ်ဘမ် Korn (1994) စထွက်ခဲ့ချိန်နဲ့ တိုင်းတာမယ်ဆိုရင်တော့ နည်းနည်းဝေးကွာမှု ရှိတာပေါ့လေ ။ ကျွန်တော် အရှေ့မှာ ပြောခဲ့သလို Hardcore Punk တွေ New wave တွေ မရှိပဲ ကျွန်တော်တို့ဆီမှာ(၉၀အကုန်မှာ) Alternative ကို ခုန်ပျံကျော်လွှားရောက်ရှိလာနိုင်ခဲ့သလိုပဲ ၊ ၂၀၀၀ခုနှစ်အစောပိုင်းမှာလည်း (Death Metal တွေ Industrial rock တွေ မရှိခဲ့ပဲ) Nu Metal ကို ချတဲ့ကောင်က ချကုန်ပြီလေ ။


တကယ်တော့ Nu Metal မှာလည်း အခြား ဂီတတွေလိုပဲ ဆင့်ကဲဖြစ်လာတဲ့ အကြောင်းတရားတွေ အခိုင်အမာ ရှိတာပါပဲလေ ။


Nu Metal ဖြစ်လာဖို့ Impect ကြီး ၅ချက်ရှိတယ်လို့ ကျွန်တော် ယူဆတယ် ။


ပထမအချက်က ၈၀ခုနှစ်က Rum DMC တို့ ဟစ်ဟော့ပ်နဲ့ Band ပထမဆုံးတွဲစပ်ဖန်တီးမှု ၊ သူတို့ရဲ့Rock Box သီချင်းဟာ ဒီဂျေBeat တွေနဲ့ လျှပ်စစ်ဂစ်တာသံကို ဟစ်ဟော့ပ်သီချင်းတစ်ပုဒ်တည်းမှာ တပြိုင်တည်းကြားရစေခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်တယ် ။ အဲဒီခေတ်က Rap ဘုရင်တွေဖြစ်တဲ့ LL Cool J နဲ့ J Zay တို့ရဲ့ အယ်လ်ဘမ်တချို့မှာလည်း အဲသလို ပေါင်းစပ်မှုတွေ လုပ်ခဲ့တယ် ။ Bestic Boys ကတော့ အပီပြင်ဆုံးပေါ့ ။ သူ့ဟစ်ဟော့ပ်တွေကို Black Sabbath တို့ AC/DC တို့ရဲ့ Metal အသံတွေနဲ့ ပေါင်းစပ်ခဲ့တယ် ။ Alternative Hip Hop လည်းဖြစ် Rap rock လည်းခေါ်နိုင်တဲ့ သီချင်းတွေ ရှိခဲ့တယ် ။


ဒုတိယအချက်က Anthrax တို့ရဲ့ဂီတဟန်ပေါ့ ။ ၈၀ခုနှစ်ရဲ့ ဟဲဗီးမယ်လ်တယ် Metallica /Megadeth /Slayer/ Anthrax ဆရာကြီးလေးဆူထဲက တစ်ဆူပေါ့ ။ လေးဆူစလုံးက Thrash metal ဆီ သွားခဲ့ကြတယ်ဆိုပေမယ့် Anthrax က Metallica လိုလည်း Hard Rock ကို မနွယ်တော့ ၊ Megadeth လိုလည်း ခေတ်ဟောင်း Heavy Metal လောက်ပဲ မဟုတ် ၊ Slayer လိုလည်း Thrash သက်သက်နဲ့ မပြီးပဲ Alternative Metal ကို ရွေ့နိုင်ခဲ့တဲ့ Band ပေါ့ ။ သူ့ရဲ့ထူးခြားချက်က ကျန် ဟဲဗီးမယ်လ်တယ်ခေတ်က ဆရာကြီးတွေလို Precision soloing ပါရှိခြင်းကို ဂရုမစိုက်တော့တာပဲ ။ အထူးခြားဆုံးကတော့ ၁၉၉၁ မှာ Hip Hop အဖွဲ့ Public Enemy နဲ့ တွဲပြီး Bring the Noise ကိုဖန်တီးခဲ့တာပဲ ။ Rum DMC နဲ့ Aerosmith ပေါင်းစပ်ဖန်တီးခဲ့တဲ့ Walk this Way နဲ့ Rap Rock ချင်းတူပေမယ့် Bring the Noise က အများကြီး ပိုကြမ်းတယ် ။


တတိယအချက်က (ရှေ့တစ်ပတ်က ကျွန်တော်ရေးခဲ့တဲ့) Alternative Metal ပေါ့ ။ Alternative Rockက ၈၀ ၉၀ခုနှစ်တွေက Grunge ,Punk နဲ့ new wave တို့ ပေါင်းစပ်ထားတဲ့ Genre ဖြစ်ပြီး A-M ကကျတော့ အဲဒီ Alternative Rock နဲ့ Heavy Metal ထူးထူးခြားခြား ပေါင်းစပ်မိသွားတဲ့ Genres တစ်ခုဖြစ်တယ် ။ ဥပမာဆိုရရင်တော့ Pixies တို့ Dinosaur Jr တို့ရဲ့ ဂီတနဲ့ Metallica တို့ Slayer တို့ရဲ့ ဂီတ ပေါင်းစပ်မိလိုက်သလိုပဲ ။ A-R မှာတော့ Down Tune riffs ဂစ်တာသံတွေ စပါလာပြီဖြစ်တယ် ။


စတုတ္တအချက်က Faith No More တွေ ။ Korn က ဂျွန်နသန်ဒေးဗစ် ပြောခဲ့သလိုဆိုရင် Faith No More မှာ စပြောင်းလဲတာပါတဲ့ ။ မသိရင်တော့ Faith No More တွေရဲ့ဂီတက မယ်လ်တယ်ဂီတကို ကရော်ကမည် လုပ်ထားသလိုပဲ ၊ ဒါပေမယ့် Korn အတွက်တော့ Glam Metal တွေ Hair Metal တွေနဲ့ ပြတ်ပြတ်သားသားဖြစ်သွားစေပြီး နောက်ထပ် Metal တစ်ခုကိုသွားဖို့ FNM က Tool တစ်ခု Software တစ်ခုလို ဖြစ်ခဲ့ပုံရတယ် ။ Faith No More နဲ့ Sepultura နှစ်မျိုးစပ်လိုက်ရင်ပဲ (၁၉၉၄ က) Korn နဲ့ အတော်နီးစပ်နေပြီ မဟုတ်လား ။


ပဉ္စမမြောက်အချက်က ၉၀ခုနှစ် ဟစ်ဟော့ပ်တွေပေါ့ ။ ဟိုရုပ်ရှင် Straight Outta Compton ထဲက ကောင်တွေ ၊ ကယ်လဖိုးနီးယားက rapper တွေ ဒီဂျေတွေ ၊ ပြီးတော့ စနုဒေါ့တို့ ဒေါက်တာဒရီးတို့ ။ Tupac Shakur တို့ Notorious B.I.G. တို့ ။ ဘာမှမပတ်သက်ဘူးလို့ ထင်စရာရှိတဲ့ ၇၀ခုနှစ် ပန့်ခ်ဘုရင် Sex pistols တွေဆီက ဒေါသသွေးတွေ ရထားတဲ့ Gangsta rap တွေပေါ့ ။ ဂန်းစတားရဲ့ပ်တွေနဲ့ ပန့်ခ်ကြားမှာ ပေါင်းကူးထားတဲ့ Beastie Boys ဆိုတဲ့ alternative hip hop , rap rock ဆရာကောင်တွေ ရှိတယ်ဆိုတာ မမေ့ပါနဲ့လေ ။


အဲဒီ ငါးချက်က ၂၀၀၀ခုနှစ်မှာ Nu Metal ဆိုတာကြီးကို ဖြစ်ပေါ်စေခဲ့တာပဲ ။ ၁၉၉၄ မှာ Korn ရဲ့ Korn အယ်လ်ဘမ်ကနေ Nu Metal စခဲ့တယ် ဆိုပေမယ့် ၂၀၀၀ခုနှစ်တွေမှာ Nu Metal ကို စင်ပေါ်အရောက်တွန်းပို့ခဲ့တဲ့ Coal Chamber, Korn , Slipknot, Limp Bizkit , Rage Against the Machine , Deftones တို့ ၊ Nu Metal ကို အကြီးအကျယ် ပေါ်ပြူလာ​ဖြစ်သွားစေခဲ့တဲ့ Linkin Park, , P.O.D, Papa Roach . Mudvayne, System of A Down ,Crazy Town, Soulfly, Alien Ant Farm, Static-X , Evanescence, Godsmack စသဖြင့် ရှိလာခဲ့တယ် ။





ရှေ့ပို့စ်တွေတုန်းက ၂၀၀၀၀န်းကျင် အော်လ်တာနေးတစ်ရော့ခ်နဲ့ မယ်လ်တယ်အကြောင်း ပြောတုန်းကလည်း လူငယ် Band တွေ အများအပြား (Mainstrem မှာရော Underground မှာရော ) ရှိခဲ့တာ ဖေါ်ပြခဲ့ပြီးပါပြီ ။ Alternative Rock နဲ့ Nu Metal ကို လုပ်ကြတဲ့ လူငယ် Band အဖွဲ့တွေမှာ Instrument နဲ့ record ပိုင်း Studio ပိုင်း လိုအပ်ချက်တွေ အများကြီးရှိနေပေမယ့် သူတို့မှာ ရှိသလောက်နဲ့ အဲဒီဂီတတွေကို အနီးစပ်ဆုံး အသံထွက်နိုင်အောင် ကြိုးစားခဲ့ကြတယ်လို့ မြင်မိတယ် ။


၂၀၀၀ အစောပိုင်းမှာတင် Synergy တို့ Bugz တို့ရဲ့ စီးရီးတွေ ထွက်လာခဲ့ပြီး အန်ဒါဂရောင်းမှာလည်း All Else I Fail, Last Day of Beethoven, Temper Level VIII, Tha Ta Lin Chate, Idiots, Offkeys, We Are the Waste, The Last Secret စသဖြင့် ရှိခဲ့တယ် ။ (ဟုတ်တယ် ၊ ဝီကီကနေ ကူးထားတာ၊ ဘိုလို နာမည်တွေဆိုပေမယ့် အားလုံးက Local Band တွေနော် ) အဲဒီကာလတုန်းက ကျွန်တော်နားထောင်ဖူးတာက တ-တလင်းချိတ် (ဋ) ၊ Monopoly (မိုနိုပိုလီ) ၊ Idiots နဲ့ Nightmare ပေါ့ ။ Metal Band တွေကို ပြောတာနော် ၊ Alternative နဲ့ Punk ဖက် ပိုရောက်တဲ့ Band တွေကိုတော့ ရှေ့ပို့စ်မှာ ဖေါ်ပြခဲ့ပြီးပြီ ။


၂၀၀၂လောက်က ဖြစ်မယ် ၊ အင်တာနက် ဝက်ဘ်ဆိုက်တစ်ခုကနေ ဒေါင်းခဲ့တာ ။ ကျွန်တော် အလုပ်လုပ်တဲ့ ရုပ်ရှင်ရုံမှာ အင်တာနက်တပ်ဆင်ခါစပေါ့ ။ ကျွန်တော်တို့ မြို့မှာ အင်တာနက်ကို တပ်ဆင်ထားတာ ၃နေရာလောက်ပဲ ရှိသေးတဲ့ အချိန်လေ ။ သီချင်းတစ်ပုဒ်ကို မိနစ် ၂၀လောက် ဒေါင်းယူရတယ် ။ ခဲရာခဲဆစ် ရ ထားတာဆိုတော့ တစ်ပုဒ်ချင်းကို မှတ်မိနေတယ် ။ အဲဒီတုန်းက ဟစ်ဟော့ပ်သုံးပုဒ် ၊ Big Bag နှစ်ပုဒ် ၊ မိုနိုပိုလီ သုံးပုဒ် ၊ တတလင်းချိတ် ၁ပုဒ် ၊ Night Mare ကတော့ အခွေဆိုင်ဖွင့်တဲ့ ဘော်ဒါတစ်ဗွေဆီကနေ ရတာ ၊ စီဒီခွေ ။ Death တွေ Marilyn Manson တွေ ၊ Korn တွေကိုတော့ သိခဲ့တာ ကြာပြီလေ ။ ရှေ့မှာ ကျွန်တော် ပြောခဲ့သလိုပဲ ကိုယ့်(နိုင်ငံ)ဆီမှာ လုပ်မှ အသစ်လို့ ပိုခံစားရ ၊ ပိုစိတ်လှုပ်ရှားဖို့ကောင်းတယ် ဆိုတာ ။


အဲဒီတုန်းက ကျွန်တော်က ၂၀လွန်စ တက္ကသိုလ်ကျောင်းသား။ ကလေးဘဝနဲ့ ကျောင်းသားဘ၀ နေ့ရက်တွေဟာ ရုတ်တရက် ပြီးဆုံးသွားပြီး လောကကြီးဟာ ထင်ထားတာထက် အများကြီး ရက်စက်တတ်မှန်း စ သိလိုက်ရတဲ့ အရွယ် ။ အားလုံးသင်ယူနားလည်ခဲ့ပြီ ထင်မှတ်ခဲ့ပြီးမှ နားမလည်နိုင်စရာတွေ အပြည့်နဲ့ လောကကြီးဖြစ်နေတာကို အထိတ်တလန့်နဲ့ ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက် အရေခွံလဲစ လူငယ်တွေထဲက လူငယ် ။ သရဲအိမ်ထဲ ရောက်နေတဲ့ ကလေးတစ်ယောက်လို ထိတ်လန့်တုန်လှုပ်စရာတွေကြား ချွေးတွေသံတွေနဲ့ ချာချာလည် လမ်းပျောက်နေတဲ့ လူငယ်တစ်ယောက် ။ အဆိုးဆုံးက ကိုယ်ကြုံတွေ့နေရတာတွေကို ဘယ်သူမှ နားမလည်နိုင်တာပဲ ။ ကျွန်တော်ဟာ ဂီတအကြောင်းကို အများကြီးနားမလည်သေး ၊ တကယ်တော့ ဘာမှကို နားမလည်သေးတာ ။ ဒါပေမယ့် သေချာတာက ဒီ Nu Metal ဂီတဟာ ကျွန်တော့်အတွက် အရာအားလုံးထက် ပိုစွဲလန်းစရာဖြစ်လာခဲ့တယ် ။ ဒီဂီတထဲက စည်းချက်နဲ့ ကိုယ့်ရင်ခုန်သံနဲ့ တထပ်တည်းကျနေခဲ့တယ် ။


(အရင်က) အပြင်းထန်ဆုံးဆိုတဲ့ ဟဲဗီးမယ်လ်တယ်တွေတောင် အကြီးအကျယ်ဖျားနာနေတဲ့ ကျွန်တော့်နှလုံးသားကို အဖေါ်မပြုနိုင်တော့ပဲ လက်လျော့ထားရတဲ့အချိန် ။ ဂန္ဓဝင်စိမ်းတွေ ၊ အလွမ်းများတွေ ဘာတွေနဲ့လည်း ဖွဲ့နွဲမနေချင်တော့ဘူး ၊ လေးဖြူရဲ့ “ထွက်ပေါက်”တို့ ၊ အငဲရဲ့ “ကမ်းမရှိတဲ့အချစ်”တို့ ၊ ဟယ်ရီလင်းရဲ့ “ငြိမ်းလို့မရသော မီး”တို့ ဘာတို့ ဆယ်စုနှစ်တစ်ခု ကြာပြီးတဲ့နောက်မှာ အရှိန်နှေးသွားခဲ့ပြီ ။ ၂၁ရာစု အဝင် ကျွန်တော့်ရဲ့ နှလုံးခုန်သံက ဒီသံစဉ်တွေထက် မြန်ဆန်နေခဲ့ပြီ ။ ၉၀ အကုန်မှာ ထွက်လာတဲ့ အော်လ်တာနေးတစ်တွေ ပန့်ခ်တွေကတော့ မဆိုးပါဘူး ။ သူတို့သီချင်းတွေနဲ့ ကမ္ဘာကြီးကို ပြန်လှောင်ပြောင်ပစ်လို့ ရခဲ့တယ် ။ ဒါပေမယ့် အဲဒီထက် ပိုပြင်းတဲ့ taste ကို ကျွန်တော် ဆာလောင်တောင့်တနေမိတယ် ၊ နာကျင်မှုရော ၊ လှောင်ပြောင်ရွဲ့စောင်းမှုရော ဒေါသရော ၃မျိုးစလုံး တစ်နေရာတည်းမှာ ရနိုင်တာ ဘာရှိမလဲ ။


Synergy ရဲ့ ပထမ၏ ဒုတိယစီးရီး(၂၀၀၂) ထဲက “အချစ်သီချင်း(မရေးတတ်ပါ)” ထဲက စာသားလိုပဲ ။ “အပြင်းစားသီချင်းတွေနဲ့ ခါးသီးခြင်းတွေ မျောချ ..အချစ်စစ်ကွဲရှခဲ့တဲ့ ဘဝရဲ့ပုံရိပ်များ ..အတိတ်ရဲ့ချော်ရည်ပူတွေ ဖုံးလွမ်းခဲ့တဲ့နောက်မှာ ငါအချစ်သီချင်း မရေးတတ်တာကို မင်းတို့အားလုံးသိရက်နဲ့” ။ ကိုယ့်မှာဖြစ်ပျက်နေသမျှကို ရှင်းပြဖို့ (ဒါမှမဟုတ်) မုန်းတီးမှု ၊ မွန်းကြပ်မှု ၊ ရှုပ်ထွေးမှု အားလုံးကို တုံ့ပြန်ဖို့ အကောင်းဆုံးက ဒီ Nu Metal/ Rap Metal ဂီတဖြစ်နေခဲ့တယ် ။


Limp Bizkit ရဲ့ Boiler နားထောင်ရင်း screaming အသံကြီးနဲ့ Why Why လို့အော်ရတာထက် မိုနိုပိုလီနားထောင်ပြီး ပေးပါ ပေး..လို့ အော်ရတာ ပိုအရသာရှိနေခဲ့တယ် ။ Korn လို Blind လို့ အော်ရတာထက် Synergy ရဲ့ “ငါမဟုတ်ဘူး” ထဲကလို “မင်းတို့ဘက်က အမျိုးတွေကို ပက်ပက်စက်စက်မုန်းတယ်” လို့ အော်ရတာ ပိုကျေနပ်စရာ ကောင်းနေခဲ့တယ် ။ Marilyn Manson ရဲ့ Tourniquet က ဘယ်လို ကြမ်းကြမ်း Antibiotic ရဲ့ “ကျွန်တော့်ကဗျာဖတ်လို့ အိပ်ပျော်တဲ့သူများ မူကြိုတက်ပါ ဝေါင်း” လို့ အော်ရတာ ပိုအားရတယ်လေ ။ Papa roach ရဲ့ Broken Home ကို သိပ်ကြိုက်ပေမယ့် ကာရာအိုကေဆိုင် သွားတဲ့အခါ မြေပဲယို ရဲ့ မူကြိုခွေထဲက “နှိုးစက်” ကိုပဲ သွားအော်ရတယ် မဟုတ်လား ။ တကယ်တော့ အဲဒီအတွေ့ကြုံတွေက Big Bag ရဲ့ “မလွမ်းတဲ့ဆေး” “ပန့်ခ်အကြောင်းမပြောနဲ့” စတဲ့သီချင်းတွေ လိုက်ဆိုခဲ့စဉ်ကတည်းက ရပြီးသား ။ ဟန်ထူးလွင်ရဲ့ အသံက Metal scream မဟုတ်ဘူး ဆိုပေမယ့် Hardcore Punk တွေရဲ့ ရန်လိုခက်ထန်မှုအပြည့်နဲ့ အော်ဟစ်သီဆိုရာက ထွက်လာပြီး ဂီတရဲ့ရသတစ်ခုကို ပေးနိုင်စွမ်း ရှိနေတာမျိုးပေါ့ ။ ဒီလို raspy voice ဆန်တဲ့ သီဆိုဟန်ကို အဆိုပညာ စာအုပ်တွေထဲတော့ သွားရှာလို့ ဘယ်တွေ့မလဲ ။ စည်းမျဉ်းတွေနဲ့ တိုင်းတာလို့မရတဲ့ ဂီတများစွာထဲက တစ်ခုပေါ့ ။ အထိမ်းအကွပ်မဲ့ အော်သံလို့ ထင်ရပေမယ့် အဲဒီအထိမ်းအကွပ်မဲ့ကို စနစ်တကျ အထိမ်းအကွပ်ရှိရှိနဲ့ အော်တတ်ဖို့ လိုသေးတယ် ။ မိန်းစထွင်း ပေါ့ပ်တွေ ရော့ခ်တွေနဲ့ မတူတာက ပန့်ခ်တို့ အော်လ်တာနေးတစ်တို့အတွက် မူလရဲ့ ဝိညာဉ်ကို မခံစားတတ် ၊ နားမလည်နိုင်ပဲနဲ့တော့ ကော်ပီယူလို့ မရဘူးဆိုတာပဲ ။


(၂၀၁၅နောက်ပိုင်းမှာ ကျွန်တော် ပြည်တွင်းက Nu Metalနဲ့ Metal core (underground Band တွေ) အများကြီးတွေ့ထား ၊ နားထောင်ဖူးထားပေမယ့် ၂၀၁၀နောက်ပိုင်းမှ ထွက်တာလား အဲဒီမတိုင်ခင်ကလား မသေချာသေးလို့ ရှေ့ဆက်ရခက်နေ )

Deadpool ဇာတ်ကားထဲမှာ DPက သူ့ရန်သူကို လက်နဲ့ရွယ်ရင်း ပြောလိုက်တယ် ။ “မင်းကိုငါ ၉၀ခုနှစ်တွေမှာ လင်းဘီစကစ်(Limp Bizkit) ဂီတကို လုပ်ပစ်လိုက်သလို လုပ်လိုက်ရမလား” တဲ့ ။


Rap Metal ကို ဘယ်သူတွေ စခဲ့သလဲ ။ Anthrax နဲ့ Public Enemy တွဲဆိုခဲ့ရာကလား ၊ Rage Against Machine ရဲ့ Evil Empire ကလား ၊ Kid Rock လား ၊Ice Cube ရဲ့ War Peace vol 1 လား ၊ Alternative HipHop ထက်ရော Rap Rock ထက်ပါ ပိုတဲ့ Rap Metal ကို အပီပြင်ဆုံးပေါင်းစပ်ပြခဲ့သူကတော့ Limp Bizkit ပဲပေါ့ ။ ကျွန်တော်တို့ဆီမှာ Acid ရဲ့ စတင်ခြင်း မထွက်လာမီ ကျွန်တော့်ခေါင်းပေါ်မှာ new era အနီတစ်လုံး ရောက်နေပြီ ။


ကျွန်တော် သိသလောက် ၂၀၀၀ ခုနှစ်အကျော် ကျွန်တော်တို့ဆီမှာ စီးရီးခွေအနေနဲ့ ထွက်လာခဲ့တဲ့ Nu Metal , Rap Metal စီးရီးတွေ Band တွေကတော့ Synergy ရဲ့ သော့ငါးချောင်း၏ တံခါးပေါက် (၂၀၀၁) ၊ Synergy ရဲ့ ပထမ၏ဒုတိယ(၂၀၀၂) ၊ Bugz ရဲ့ ကင်ပွန်းတပ် (၂၀၀၂) ၊ အန်စာတုံး (၂၀၀၃) အန်စာတုံး - မင်းတို့သဘော (၂၀၀၄) ။ A ကရာဇ် ရဲ့ ဘာတွေလွဲနေလဲ ကတော့ ၂၀၁၀နောက်ပိုင်းမှ ထွက်ခဲ့သလား သေချာမသိပါ ။ Synergy နဲ့ Bugz တို့က Rap Metal ကို အသားပေးထားတဲ့ (owntune) စီးရီးတွေ ဖြစ်တယ် ။ Synergy ရဲ့ ပထမအခွေ “သော့ငါးချောင်းရဲ့တံခါးပေါက်”က ကာဗာမှာ Rap Metal owntune တွေလို့ လေဘယ်ကပ်ပြီး ထွက်ခဲ့ပေမယ့် ကျွန်တော့်အတွက်တော့ rap လည်းမပီ metal လည်း မမြည်ဘူးလို့ ခံစားရတယ် ။ သီချင်းတွေက ကွန်ပျူတာဆော့ဖ်ဝဲနဲ့ တီးထားတဲ့ပုံပဲ ။ metal သီချင်းတွေအတွက် ဂစ်တာသံတွေ ဒရမ်သံတွေကို ဆော့ဖ်ဝဲနဲ့တီးထားခြင်းက သီချင်းတွေကို အကြမ်းထည် ဆန်နေစေတယ် ။ ဒါပေမယ့် သီချင်းစာသားတွေကတော့ ထူးခြားမှုရှိတာ သတိပြုမိတယ် ။


ဒုတိယစီးရီး “ပထမ၏ဒုတိယ”(၂၀၀၂) ကျတော့မှ Instrument ရော virtual ရော ပါဝင်လာပြီး သီချင်းတွေက ပိုအထာကျလာတယ်လို့ ခံစားရတယ် ။ Limp Bizkit နဲ့ Korn ရဲ့လွမ်းမိုးမှု အပြည့်နဲ့ပေါ့ ။ အနောက်တိုင်းက Nu Giant ကြီးတွေနဲ့တော့ ယှဉ်လို့ မရပေမယ့် Synergy တွေက သီးခြားအရသာလေးပေးနိုင်ခဲ့တယ် ။ မင်းတို့ပဲ ချစ်ကြ ၊ အရှုံးမပေး ၊ ငါ မဟုတ်ဘူး ၊ မစဉ်းစားနဲ့ ၊ အချစ်သီချင်း( မရေးတတ်ပါ) ၊ သီချင်းတစ်ပုဒ်ထက် ၊ အစွန်း ၊ ပစ်စလစ်ခတ် ၊ မှ ..သေမင်း ။ စာသားတွေရဲ့ အကြောင်းအရာရော နိမိတ်ပုံတွေရော အရင် ဟဲဗီးရော့ခ်သီချင်းတွေမှာ တွေ့ရလေ့ရှိတဲ့ ပုံစံတွေကနေ ကွဲထွက်နေသလို ဟစ်ဟော့ပ်အရသာရော မယ်လ်တယ်အရသာပါ တပြိုက်နက်ပေးနိုင်တဲ့ စာသားတွေလို့ ကျွန်တော်မြင်မိတယ် ။ Rap Metal သီချင်းအဖြစ် ပေါက်ကွဲဖို့အတွက် ကောင်းစွာ လောင်ကျွမ်းနိုင်တဲ့ စာသားတွေဖြစ်ခဲ့တယ် ။ မြန်မာလူငယ်တစ်ယောက်အတွက် မြန်မာ Rap Metal သီချင်းစီးရီးကောင်းတစ်ခု ညွှန်းပါဆိုရင်တော့ ကျွန်တော့်အနေနဲ့ Synergy ရဲ့ “ပထမ၏ဒုတိယ”(၂၀၀၂) ကိုပဲ ညွှန်းချင်ပါရဲ့ ။


အန်စာတုံးကတော့ Rap Metal /Nu Metal ကော်ပီတွေ ဖြစ်တယ် ။ အန်စာတုံးရဲ့ ကော်ပီလုပ်ခဲ့ပုံက မူလဂီတရဲ့ အပေါ်ယံကိုသာ တုပနိုင်ခဲ့တယ်ဆိုတာ ရှေ့ပို့စ်မှာ ပြောခဲ့ပြီးပါပြီ ။ Bugz ရဲ့ ကင်ပွန်းတပ် (၂၀၀၂) လည်း ထို့အတူပါပဲ ။ Rap Metal နံရံကပ်စက္ကူလိုပါပဲ ။ အ​ပေါ်ယံတူသလိုနဲ့

တကယ် အစိုင်အခဲထုထည်အပြည့်နဲ့ နံရံတစ်ခု မဖြစ်ခဲ့ဘူး ။ ဒီကာလမှာ ဒီဂီတကို ရွေးချယ်ခဲ့တဲ့ သူတို့ရဲ့ တီထွင်ဆန်းသစ်မှုကို အသိမှတ်ပြုပေမယ့် သူတို့သီချင်းတွေကတော့ နားထဲ မဝင်ပဲ ဖြစ်နေခဲ့တယ် ။ Rap Metal ဆိုတာ Rap ကိုရော metal ကိုပါ ပိုင်နိုင်နေဖို့ လိုတယ်မဟုတ်လား ။ Gangsta rap , Industrial ,Hardcore Punk , Thrash metal စသဖြင့် Rap Metal ဖြစ်ပေါ်လာဖို့ ဆယ်စုနှစ်တစ်ခုစာ ရွေ့လျားလာခဲ့တဲ့ ဖြစ်စဉ် ဂီတတွေ မရှိခဲ့တဲ့ ကျွန်တော်တို့ဆီမှာ Rap Metal ကို ခုန်ပျံကျော်လွှားပြီး ဖန်တီးတာဟာ စိန်ခေါ်မှုတွေအများကြီး ကြုံရမှာပဲ ။ အနောက်တိုင်းက Rap Metal နဲ့က အိပ်ခွံပေါ်က နမူနာပုံနဲ့ အထဲက ခေါက်ဆွဲ ကွာသလိုမျိုး ကွာနေပါလိမ့်မယ် ။


NS (ကျော်သူစိုးနဲ့ လင်းလင်း ရဲ့ “ကျွန်တော်တို့က ကျွန်တော်တို့ပါပဲ” (၂၀၀၀) ဟစ်ဟော့ပ် စီးရီးထဲက “ရန်ဖြစ်တဲ့” ၊ “စိတ်ချလက်ချထားခဲ့ပါ ” သီချင်းတွေကတော့ ကျွန်တော်တို့ဆီမှာ အစောဆုံးကြားဖူးတဲ့ Rap Metal တွေ ဖြစ်လိမ့်မယ် ။ စိုင်းစိုင်းခမ်းလှိုင် ရဲ့ “သူငယ်ချင်းများစွာ”(၂၀၀၁) မှာလည်း limp Bizkit ရဲ့ take a look aroud ကို ကော်ပီလုပ်ပြီး “အဆိပ်” ဆိုတဲ့ တစ်ပုဒ် ထည့်ခဲ့တာ ရှိတယ် ။ pop rap တွေနဲ့ပဲ ပရိသတ်ရနေတဲ့ သူက ဟစ်ဟော့ပ်လောကမှာလည်း လူရိုသေရှင်ရိုသေဖြစ်မလား Rap Metal တစ်ပုဒ်ပါအောင် ထည့်ထားပုံပဲ ။ သူကတော့ rap ကော်ပီစာသားတွေ ကာရန်ကိုက် ရွတ်သွားနိုင်ပေမယ့် Metal scream နဲ့ အော်ရတဲ့နေရာကျတော့ ဘယ်ရမလဲလေ ။ Rap Metal ဟာ rap သမားတွေရော မယ်လ်တယ်သမားတွေ အတွက်ပါ အသွင်ပြောင်းဖို့ ထင်သလောက် မလွယ်ဘူးဆိုတာ သူတို့သီချင်းတွေ နားထောင်ရင်းနဲ့ သိလာခဲ့ရတယ် ။


သီချင်းတစ်ပုဒ်တည်းက Nu Metal ရော Rap Metal ရော Alternative metal ရော ဖြစ်နိုင်တာမို့ ရှေ့မှာ ကျွန်တော်ရေးခဲ့တဲ့ Alternative metal အမျိုးအစားထဲပါနေတဲ့ သီချင်းတချို့ကိုလည်း Nu Metal ထဲ ပြန်ထည့်လို့ ရတာတွေ ရှိပါတယ် ။ လေးဖြူ လိပ်ပြာ (၂၀၀၃ ) ထဲက "မှန်" ။ Antibiotic မျက်နှာ (၂၀၀၄)ထဲက “ခေတ်နောက်ကျသူ” ။ အဆင်ပြေပါတယ်(၂၀၀၄)ထဲက Antibiotic ရဲ့ အသည်းနာနေသော ။အလွမ်းရဲ့ည (၂၀၀၅)ထဲက Antibiotic ရဲ့ နေကြာစေ့ ။ မှားတဲ့အခါလည်း မှားပေမပေါ့ (၂၀၀၄) ထဲက Antibiotic ရဲ့ သီချင်းအတု ။ လေးဖြူ ခဏလေးများ(၂၀၀၆) ထဲက လျှောက်..လျှောက် ၊ သတိမေ့သွားတဲ့ည ၊ ဖွဲမီး ၊ သတ္တိမရှိတော့ဘူး ၊ မမေ့ပစ်နဲ့ ။ LMN (၂၀၀၄)ထဲက လေးဖြူရဲ့ “အပယ်ခံ” ၊ Godsmack - I Stand Alone ကို ယူထားတဲ့ အငဲရဲ့ အမှောင်ထဲက သူစိမ်းများ ။ လေးဖြူ B.O.B (၂၀၀၈) ထဲက “တစ်ယောက်တည်းနဲ့” “ကစဉ့်ကလျားသီအိုရီ” ၊ “မလုပ်နဲ့” သီချင်းတွေဟာလည်း Post grunge တဖြစ်လဲ Nu တွေပါပဲ ။ အငဲရဲ့ ဇစ်မြစ် (၂၀၀?) စီးရီးထဲမှာ Korn ရဲ့ I did my time ကို ကော်ပီယူထားတဲ့ Title song “ဇစ်မြစ်” ။ hoobastank ရဲ့ crawling in the dark ကို ကော်ပီထားတဲ့ အငဲ ရဲ့ ခုနစ်ထွေအက (၂၀၀၃) ထဲက “သဲကိုးဖြာ” ။ သအိုရဲ့ ရေသောက်မြစ် (၂၀၀၉)ထဲက “သိပ်မရှုပ်နဲ့” ၊ “မုန်းတီးခြင်း” ၊ “နားခွင့်ပေးတော့” စတဲ့ သီချင်းတွေ နဲ့ Wanted ရဲ့ ငါ့ဂီတ ငါ့ဗီဇ (၂၀၀၉) ထဲက “အကောင်းဆုံးအကြံ” “ပြောစမ်းဖြည်းဖြည်း” စတဲ့သီချင်းတွေဟာလည်း AM ရော NM ရော ဖြစ်တယ် ။ သအိုရဲ့သီချင်းတွေက ကော်ပီဖြစ်ပြီး Wanted(ဖော်ကာ)ရဲ့ သီချင်းတွေကတော့ own တွေပေါ့ ။ ရေပျော်ငှက်တို့ရဲ့ ရင်ခုန်သံ ၂၀၀၄ ထဲက မောင်မောင်ဇော်လတ်ရေးပြီး ဂရေဟမ်နဲ့ rapper လင်းလင်း(NS) ဆိုထားတဲ့ “အိပ်မက်” ။ ကော်ဖီခါးခါးရဲ့အလှည့် (၂၀၀၀ အစောပိုင်း) ထဲမှာ Antibiotic ပြန်ဆို/တီးခတ်ခဲ့တဲ့ ချစ်ကောင်းရဲ့ “ချစ်သူအားပေး” ။ မျိုးကျော့မြိုင် - လူဖြစ်ရတဲ့ဒုက္ခ (၂၀၀၃) ထဲက လူဖြစ်ရတဲ့ဒုက္ခ ။ ဒွေးနဲ့ သီရိဂျေမောင်မောင်တောင် Evanescence ရဲ့ Bring me to life ကို ဘာ့အတွက်လဲ ၊ ဘာကြောင့်လဲ လို့ လုပ်ကုန်ပြီလေ ။


ကိုင်ဇာတင်မုံရဲ့ အစာမကြေဘူး ဆိုတဲ့ Demo အခွေထဲမှာလည်း Nu Metal တချို့ပါတယ်လို့ ဆိုကြတယ် ။ နယ်မှာနေတဲ့ ကျွန်တော့်အဖို့တော့ နားမထောင်ဖူးလို့ မှတ်ချက် မပြုနိုင်ပါ။ “နေက မွေးတဲ့လ”ရုပ်ရှင်ထဲမှာတော့ မင်းမော်ကွန်းက Linkin Park သီချင်းနှစ်ပုဒ်ကို ကော်ပီလုပ်ဆိုနေတာ ကြားလိုက်ရတယ် ။ မင်းမော်ကွန်းက အဆိုတော်အဖြစ် သရုပ်ဆောင်ပြရုံပါပဲ ၊ တကယ်ဆိုထားတာက ဒိုးလုံးအသံ ။ ဒိုးလုံးဟာ သူ့အင်တာဗျူးတွေအရတော့ သူ မဆုံးပါးခင်အချိန်တွေမှာ Korn တွေ Linkin Park တွေကို သိပ်ကြိုက်သွားပုံရတယ် ။ တတိယစီးရီး “တစ်ယောက်သောချစ်သူ” (၂၀၀၀ အစောပိုင်း) ထဲက “ဘယ်သူလဲ”နဲ့ “ယူပါ” ဟာ Nu Metal ပဲလေ ။ ဒိုးလုံးရဲ့ vocalက Metal vocalist တွေလိုတော့ false cord တွေ ၊ fry scream တွေ မရပါဘူး ။ ဒါပေမယ့် “ဘယ်သူလဲ”နဲ့ “ယူပါ” မှာတော့ Nu Metal ဖြစ်အောင်လုပ်ပြထားတာ တွေ့ရလိမ့်မယ် ။ မျိုးကျော့မြိုင်လည်း ထို့အတူပါပဲ ၊ သူ့မှာ metal သမားတစ်ယောက်ရဲ့ vocal မရှိပေမယ့် Metal သမားတွေရဲ့ ဂစ်တာအသံထွက်ပုံမျိုးရအောင် improve လုပ်ပြီး “လူဖြစ်ရတဲ့ဒုက္ခ”ကို rap metal ဖြစ်အောင် လုပ်ခဲ့တယ် ။ တစ်ယောက်က အီလက်ထရိုနဲ့ Rap ဆရာ ၊ တစ်ယောက်က Alter ။ သူတို့မှာ metal vocal သာ မရှိတာ Nu ဖြစ်အောင် (အရင် ဟဲဗီးမယ်လ်တယ်နဲ့ မတူအောင်) ဘယ်အသံတွေကို ဖြုတ်ပြီး ဘယ်အသံတွေကို ထပ်ဖြည့်ရမလဲဆိုတာ သူတို့ သိတယ် ။ ဥပမာအားဖြင့် (သူတို့လုပ်ခဲ့တဲ့ ပေါ့ပ်နဲ့ ရော့ခ်တွေမှာလို) solo ဝင်တာတွေ ဖြုတ်ပစ်တယ် ၊ ဂစ်တာ riff တွေကို ပြောင်းတယ် ၊ distortion တွေ ထည့်တယ် ၊ (မျိုးကျော့မြိုင်က) သူလုပ်နေကြ အီလက်ထရိုတွေပါ ထည့်တယ် ။ ဒိုးလုံးနဲ့ မျိုးကျော့မြိုင်ရဲ့ စားသုံးကြည့်(၂၀၀၂) ထဲက “စားသုံးကြည့်” ၊ “ငါတို့လန်းတဲ့နေ့” သီချင်းတွေဟာ လူငယ်တွေရဲ့ မြေအောက်ဝိုင်းတွေ လုပ်ထားတာနဲ့စာရင် Nu Metal တွေပါလို့ သတ်မှတ်ဖို့ နည်းနည်းပျော့နေသလိုတော့ ဖြစ်နေလိမ့်မယ် ။ Alternative Metal , Nu Metal ပုံစံကို သူတို့ စမ်းသပ်ခဲ့တယ်လို့ပဲ ဆိုပရစေ ။ လူငယ် Band တွေရဲ့ Growl ပုံတွေ ၊ scream vocal တွေနဲ့ ပေါက်ကွဲအားကိုတော့ ဘယ်မီနိုင်မလဲလေ ။ ကျွန်တော်က "စားသုံးကြည့်"ဟာ Nu Metal genre ထဲ ဝင်မဝင် ချဉ်းကပ်ကြည့်ခြင်းမျှပါပဲ ၊ အရည်အသွေးပိုင်းကို မဆိုလိုပါ ။ စားသုံးကြည့်ထဲက ဒိုးလုံးရဲ့ “တစ်ခုသော အရှုံး” “ဘယ်သူ့အတွက်ကြောင့်” သီချင်းတွေကတော့ မျိုးကျော့မြိုင်ဆီက အီလက်ထရို ဖြည့်စွက်မှုတွေနဲ့ ဒိုးလုံးရဲ့ သံစဉ်တွေ လှလှပပပေါင်းစပ်ထားတဲ့ Alternavie rockတွေ ဖြစ်တယ် ။ အနှစ် ၂၀ကြာပြီးတဲ့အချိန်မှာ ကျွန်တော်ဟာ တချို့ Nu Metal တွေကို နားထောင်လို့ မရတော့ပေမယ့် ဒိုးလုံးရဲ့ အဲဒီ သီချင်းတွေကတော့ “သီချင်း”ဖြစ်တုန်းပါပဲ ။


၂၀၀၀ခုနှစ်တွေထဲ ရှိခဲ့တဲ့ Metal ယူဂျီဘန်တွေထဲမှာ All Else I Fail, Last Day of Beethoven, Temper Level VIII , Nightmare, Offkeys ၊ Skunx ၊ Tha Ta Lin Chate (ဋ) နဲ့ Momopoly စတဲ့ Band တွေ ရှိခဲ့တယ် ။ Fever 109 ၊ Darkest Tears From My Heart ၊ LostAngelLeads ၊ Glow In The Dark , Suicide Plan နဲ့ Married For The Pain ,Suicidal Kid တို့ကတော့ ၂၀၀၀ခုနှစ်ထဲ ထွက်တာလား ၂၀၁၀နောက်ပိုင်းလား မပြောတတ် ။


All Else I Fail, Last Day of Beethoven, Temper Level VIII , Nightmare , Darkest Tears From My Heart ၊ LostAngelLeads ၊ Glow In The Dark , Suicide Plan , Married For The Pain နဲ့ Suicidal Kid သူတို့ သီချင်းတွေကတော့ Nu Metal ထက် Metalcore ဖက် ပိုရောက်တာ တွေ့ရမယ် ။ Metalcore လို့ပဲ ကျွန်တော် ပြောနိုင်မယ် ။ Deathcore လား progressive metalcore လား Post-hardcore လား Mathcore လားဆိုတာတော့ သူတို့ပဲ တိတိကျကျ ခွဲခြားပြောပြနိုင်လိမ့်မယ် ။ ကျွန်တော့်နားထဲမှာတော့ ဒီ Metalcore အနွယ်ဝင်တွေ fusion ဖြစ်လာတဲ့ Genres တွေကို ခွဲခြားကြည့်ဖို့ အတော့်ကို မလွယ်ပဲ ဖြစ်နေတယ် ။ Pop Punk နဲ့ ဆင်တဲ့ Easycore ၊ EDM ပေါင်းစပ်ထားတဲ့ အသံတွေပါတဲ့ Electronicore (တချို့သီချင်းတွေက လိုက် က လို့တောင် ရတယ်) တွေကတော့ သိသာတယ် ။ ၂၀၁၁ လောက်မှ ပေါ်ပေါက်လာတဲ့ Numetal core လည်း မဖြစ်နိုင်ဘူး ။ နီတင်းဒိုးcore ဆိုတဲ့ ဗီဒီယိုဂိမ်းတီးလုံးသံတွေနဲ့ metalcore ပေါင်းထားတဲ့ Nintendocore နဲ့ကျတော့လည်း ကျွန်တော်တို့နဲ့ ဝေးပါသေးတယ် ။


ကျွန်တော့်အမြင်မှာတော့ သူတို့(သီချင်းတွေ)အပေါ် လွမ်းမိုးမှုအရှိဆုံး Band တွေက Bullet for My Valentine, Avenged Sevenfold, Trivium နဲ့ Slipknot တို့ ဖြစ်လိမ့်မယ် ထင်တယ် ။ Temper Level VIII ရဲ့ သီချင်းတွေဆိုရင် Slipknot ရဲ့ လွမ်းမိုးမှုကို အတိုင်းသားတွေ့ရမယ် ။ သူတို့ဆီမှာ Nu Metal အငွေ့အသက်ဆိုလို့ Slipknot ဟန်တွေ ယူထားတာပဲ ရှိမယ် ။ Suicidal Kid နဲ့ Married For The Pain ကတော့ melodic metalcore တွေ ဖြစ်လိမ့်မယ် ။ Suicidal Kid ကိုတော့ post-hardcore ထဲ ထည့်လို့ရမယ် ထင်ပါရဲ့ ။ MFTP ကတော့ electronicore လည်း ဖြစ်တယ် ။


(တကယ်တော့ ၂၀၀၀ခုနှစ်တွေထဲ ကျွန်တော်တို့ဆီမှာ Nu Metal ကို ဘယ်သူတွေ လုပ်ခဲ့သလဲ ပြောကြည့်ခြင်းပါ ၊ အန်ဒါဂရောင်း Metal Band တွေ ထည့်ပြောရင်း Metalcore ဖက် ခဏရောက်သွားတယ် ၊ ဆောရီး ) အန်ဒါဂရောင်းမှာ Nu Metal genre အဖြစ် သိသာတာကတော့ Offkeys ၊ Skunx ၊ Tha Ta Lin Chate (ဋ) နဲ့ Monopoly တို့ပဲ ။ (မိုနိုပိုလီကတော့ ဘာလာလာစီးရီးမှာ ပါလာခဲ့တယ်ပေါ့) ။ သူတို့က Synergy တို့ Bugz တို့လို Rap Metal လည်း မဟုတ် ၊ Iron Cross က ဆရာကြီးတွေ ဆွဲနေတဲ့ Post Grunge တွေလည်း မဟုတ်ပဲ ကွဲပြားတဲ့ Nu Metal နဲ့ အနီးဆုံးဖြစ်အောင် အသံထွက်နိုင်ခဲ့တယ်လို့ ကျွန်တော် ယူဆတယ် ။ ဘာလာလာ (အဖွဲ့စုံ စီးရီးထဲက) မိုနိုပိုလီရဲ့ “ပေးပါ” ၊ “မပြန်ချင်တော့” ၊ “ဆူးမကြောက်ကြေး” ၊ “ရုပ်သေး” သီချင်းလေးပုဒ်ပါဝင်ပြီး လေးပုဒ်စလုံးဟာ ခင်ဗျားအနေနဲ့ Nu တွေအဖြစ် စိတ်ချလက်ချနားထောင်လို့ရတဲ့ သီချင်းတွေဖြစ်တယ် ။ ပြီးတော့ Tah Than Lhynn Chake (ဋ) ရဲ့ “ဆန့်ကျင်ဘက်တံခါး” နဲ့ “လျှော်ကြေး” ။ Skunx ရဲ့ လမ်းမှား ။ သူတို့သီချင်းတွေက Heavy Metal ကနေ ကူးလာတဲ့ IC က ဆရာကြီးတွေ ဖန်တီးထားသလို Recording/mixing ပိုင်းတွေ ၊ distortion guitar tone တွေမှာ မီချင်မှ မီမယ် ၊ သီချင်းပုဒ်ရေကလည်း များများစားစား မရှိဘူး (ကျွန်တော် နားမထောင်ဖူးတာလည်း ဖြစ်မယ်) ဒါပေမယ့် Nu Metal ရဲ့ ဝိညာဉ်နဲ့ အနီးစပ်ဆုံး အသံထွက်နိုင်ခဲ့တဲ့ Band တွေကို ပြပါဆိုရင်တော့ သူတို့ကိုပဲ ပြရလိမ့်မယ် ။ ပြီးတော့ Offkeys ၊ Offkeys က ၂၀၀၃-၄ လောက်ကတည်းက လုပ်ခဲ့ကြတာ ဖြစ်ပေမယ့် ကျွန်တော်က သူတို့ရဲ့ Sample ခွေကို Mp3 အဖြစ် ၂၀၁၀ နောက်ပိုင်းမှာ နားထောင်ဖူးတာပါ ။ local တွေထဲ (အဲဒီအချိန်တွေတုန်းက) လုပ်ထားသမျှထဲ Offkeys ရဲ့ မှန်ကြည့်ချိန် ၊ မောင်မောင့်သဘော ၊ သင်းကွဲ ၊ နွားကျောင်းသား ဆိုတဲ့ သီချင်းတွေက Nu Metal အပီသဆုံးလို့တောင် ဆိုချင်တယ် ။ စတားဘတ်လောက် မရပေမယ့် ပြည်တွင်း ရယ်ဒီမိတ်တွေထက် အများကြီးသာတဲ့ သဘာ၀ နှပ်ကော်ဖီလောက်တော့ ရတယ်ပေါ့လေ ။


၇၀ ၈၀ ၉၀ နှစ်တွေမှာ (နိုင်းအာရာ ဂါဂါဂူးတဲ့ကမ္ဘာ (၁၉၉၇) တစ်ယောက်ကလွဲရင် ) မကြားခဲ့ဘူးတဲ့ Metal scream သီဆိုပုံစံအမျိုးမျိုးကို ဒီ UG metal band တွေမှာသာ တွေ့ရနိုင်တယ် ။ Screaming သီဆိုပုံတွေက မသိရင် အာခေါင်ခြစ်အော် ၊ ဒေါသတကြီးအော်နေသံတွေလို ခပ်ဆင်ဆင်တွေပါပဲ ။ တချို့ဆိုရင် metal scream ကို သတ္တဝါတွေရဲ့အော်ဟစ်သံတွေ ၊ နှိပ်စက်ညှင်းပန်းခံနေရလို့ အော်တဲ့အသံတွေလို့ လှောင်ပြောင် ပြောဆိုလေ့ရှိကြတယ် ။ ဒါပေမယ့် လေ့လာ သင်ယူ လေ့ကျင့်ထားခြင်းမရှိပဲ အော်လို့မရ သီဆိုလို့မရတဲ့အထဲမှာ metal scream လည်းပါပါတယ် ။ ရင်ခေါင်းထဲကအသံ ၊ ပါးစပ်ဖျားကအသံ ၊ လည်ချောင်းထဲက အသံ ၊ ဖွင့်အော်လိုက်တဲ့အသံ ၊ မိစ္ဆာအော်သံနဲ့ တူတဲ့အသံ ၊ ဝက်အော်သံနဲ့ တူတဲ့အသံ စသဖြင့် Mid Range Growl, Low Growl , kvlt scream , Pig Squeal , Low Guttural , Fry Scream , Inhale Scream , Tunnel throat scream , Walrus scream ဆိုပြီး အမျိုးမျိုးရှိပါတယ် ။ သင်ယူ လေ့ကျင့်ရုံနဲ့လည်း မပြီးပါဘူး ။ ဂီတရဲ့အသံပြုပုံ မှန်သမျှဟာ ဒီလို တီး ဒီလိုဆိုရင် ဒီလိုအသံတွေ ထွက်မယ်ဆိုတာ သိဖို့လိုအပ်သလို ၊ ဒီလိုအသံတွေ ထွက်ချင်လို့ ဒီလို တီး ဒီလို ဆိုတယ်ဆိုတာလည်း သိရမယ် မဟုတ်လား ။


(Wanted ၊Idiots Reason နဲ့ G Lat က ၂၀၁၀ အလွန်မှ )

( Hip Hop ကျန်သေးတယ် )


( ၂၀၀၀ခုနှစ် မြန်မာရော့ခ်ဂီတ ၊ ဟစ်ဟော့ပ်ဂီတတွေမှာရော ဘယ်သူတွေရှိခဲ့သလဲ ၊ ဘယ်လိုရွေ့ခဲ့လဲ ၊ကျွန်တော်သိသလောက်ပေါ့ ၊ နောက်ပို့စ်မှာ ဆက်ပါမယ်)

(ရှေ့ပို့စ် အဆက်)