October 23, 2025
ရုပ်ရှင်ထဲမှ သံစဉ်များ
ကျွန်တော့်အတွက်တော့ ဂီတအာရုံခံစားမှုကို ပိုကျယ်ပြန့်စေဖို့အရေးမှာ ရုပ်ရှင်ထဲက ဂီတတွေက အရေးပါခဲ့တယ် ။ ရုပ်ရှင်တွေဆီကနေ နောက်ခံပံ့ပိုးဂီတTheme နဲ့ ဇာတ်ဝင်တေး (Original Song) Soundtrack ဆိုပြီး နှစ်မျိုးနှစ်စားလုံးကို ခံစားခွင့်ရခြင်းဟာ ဘဝမှာ နေထိုင်ရ ပိုလှပစေသော အချက်တွေထဲက တစ်ခုပဲလို့တောင် ဆိုချင်ပါရဲ့ ။
ကျွန်တော့် ချာတိတ်ဘ၀ ၉၀ခုနှစ်ကာလတွေမှာ ပြည်တွင်းက ကော်ပီရော့ခ်တွေနဲ့ ပျော်မွှေ့နေတုန်းမှာ ခြောက်ပေစလောင်း တရုတ်ဂြိုဟ်တု စတားလိုင်းကနေ Channel [V] နဲ့ Mtv တွေ စကြည့်ရတယ် ။ အတော်ကြာတဲ့အထိတော့ နိုင်ငံခြားသီချင်းတွေ ဘယ်လိုကောင်းကောင်း မြန်မာစာသားနဲ့ တိတိကျကျ ဖီးလ်လို့ ရတဲ့ ပြည်တွင်းကသီချင်းတွေကိုပဲ ပိုကြိုက်နေမိတာပေါ့လေ ။ တနေ့တော့ Bat Man Forever (၁၉၉၅) ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေနဲ့ သီချင်းတစ်ပုဒ်လာနေတာကို တွေ့ရတယ် ။ သီချင်းအဆုံးမှာ စာတန်းထိုးတော့ U2 ရဲ့ hold me, thrill me, kiss me, kill me တဲ့ ။ တကယ်လို့ ဒီသီချင်းကို အသံချည်းသက်သက် အရင်နားထောင်ဖူးမယ်ဆို ဒီလောက် ကြိုက်မိမှာ မဟုတ်ဘူး ။ အင်နီမေးရှင်းတွေအပါအဝင် ကိုယ်ကြိုက်ပြီးသား Bat Man ဇာတ်ကားရဲ့ ဟိုတစ်ကွက်ဒီတစ်ကွက် ပုံရိပ်တွေနဲ့ သရုပ်ဖေါ်ထားတာ ဆိုတော့ သီချင်းရဲ့စာသားကို တစ်လုံးမှ နားမလည်ပေမယ့် ဖီးလ်လို့ သိပ်ရနေခဲ့တယ် ။ သူတို့က Mtv အနေနဲ့ ပြန်လည်ထုတ်လွှင့်တဲ့အခါ ရုပ်ရှင်ကို သီချင်းနဲ့လိုက်ဖက်အောင် ပြန်လည်တည်းဖြတ် တင်ဆင်တတ်ကြတာကိုး ။ U2 က ဘာအကြောင်းကို ဆိုထားသလဲ မရှင်းပြတတ်ပေမယ့် သီချင်းက အလွယ်တကူ ရင်ထဲရောက်သွားခဲ့တယ် ။ စာသားကို နားမလည်ပေမယ့် သီချင်းထဲ ပါဝင်တဲ့ အရောင်တွေ အပူအအေးတွေ အတက်အကျတွေ ကူးစက်လိုက်နိုင်ခဲ့သလိုပဲ ။ တကယ်တော့ ကျွန်တော်က ပြောင်းပြန်ဖြစ်နေတာ ။ ဒီသီချင်းတွေက ရုပ်ရှင်နဲ့လိုက်ဖက်အောင် နောက်ခံထည့်သွင်းထားတဲ့ သီချင်းတွေ Soundtrack တွေမှန်း နောက်မှ သိလာရတာ ။
ဒီ U2 သီချင်းကြည့်ဖူးတဲ့ နောက်တော့ အဲဒီနှစ်ထဲမှာပဲ ရန်ကုန် အခွေဆိုင်တစ်ဆိုင်ကနေ Orginal Motion Picture Soundtrack 2 ဆိုတဲ့ အခွေ ဝယ်လာခဲ့တယ် ။ ကာဗာမှာ ရုပ်ရှင်ပိုစတာတွေ ဖေါ်ပြထားတယ် ။ Soundtrack ဆိုတာ ဘာလဲ သိသွားပြီလေ ။ ဘိုလိုဆိုထားတဲ့ သီချင်းတွေကိုလည်း အဲဒီမှာ ကောင်းကောင်း ကြိုက်တတ်လာတာပဲ ။ စာသားတစ်လုံးတလေသာ နားလည်ပေမယ့် Soundtrack ခွေထဲက သီချင်းတွေကို သက်ဆိုင်ရာ ရုပ်ရှင်တွေနဲ့ တွဲစပ်ခံစားပြီး ဟုတ်နေတော့တာလေ ။ Elton John ရဲ့ Can You Feel The Love Tonight နားထောင်ပြီး Lion King ဇာတ်ဝင်ခန်းတွေ မြင်ယောင်ပြီး ဖီးလ် ။ U2 အပါအဝင် Seal ရဲ့ Kiss from a rose နားထောင်ပြီး Bat Man forever ထဲက စိတ်ကူးယဉ်လျှို့ဝှက်ဆန်းကြယ်မှုကို ခံစား ။ အခွေမှာပါတဲ့ သီချင်းတွေထဲက မကြည့်ဖူးသေးတဲ့ ဇာတ်ကားတွေ ရှိရင်လည်း ရှာကြည့်ချင်လာမိတယ် ။ အစက ဆိုင်မှာ တွေ့တွေ့နေပြီး မဝယ်ပဲ ချန်ခဲ့တဲ့ Soundtrack ခွေတွေအကုန် လိုက်သိမ်းဝယ်တော့တာပဲ ။ အရင်က ဘိုသီချင်းတစ်ခွေ ဝယ်ဖို့အရေး အတော် ချိန်ဆရတာလေ ။ မိမိနဲ့ သီချင်းတွေကြား ဘာသာစကားအခက်အခဲက ခံနေတာကိုး ။ ဥပမာ Bryan Adams တစ်ခွေဝယ်ရင် သူ့သီချင်းကို ငါဘယ်လောက်များ နားလည်ပါ့မလဲ ၊ အခွေထဲပါသမျှ ၁၂ပုဒ်လုံးကို ခံစားတတ်ပါ့မလား ကြိုက်နိုင်ပါ့မလားပေါ့ ။ Soundtrack တွေကျတော့ နောက်ခံရုပ်ရှင်တွေရဲ့ ပုံရိပ်တွေ ဇာတ်ကားပါ ambient တွေ အားကိုးနဲ့ စိတ်ချလက်ချ နားထောင်နိုင်တဲ့ သီချင်းတွေ ဖြစ်လာတာလေ ။ နောက်ပြီးတော့ အရင်က စိတ်မဝင်စားခဲ့တဲ့ အဆိုတော်တွေရဲ့ သီချင်းတွေကိုပါ soundtrack ဖြစ်နေရုံနဲ့ နားထောင်ရ အဆင်ပြေသွားခဲ့တယ် ။ ဥပမာ ဂျိန်းစဘွန်း(007)ရဲ့ Theme Song တွေ စုစည်းထားတဲ့ Soundtrack ခွေကို နားထောင်ပြီး ခေတ်ဟောင်းက အမျိုးသမီးအဆိုတော်တွေကိုပါ ကြိုက်တတ်လာခဲ့တာ ။ အမ်တီဗွီလေးပါ တွဲပြီး ကြည့်ဖူးလို့က ပိုလို့တောင် နားထောင်ရ ရင်ထဲရောက်တယ်ပေါ့လေ ။
နောက်တစ်ခုက ကျွန်တော့်ရဲ့ သီချင်းနားဆင်ခံစားမှုက လူပါးနည်းနည်းဝလာတယ်ပေါ့လေ ။ လေးဖြူရဲ့အိပ်မက်ကဗျာထွက်လာတော့ “နှင်းဆီဝင်္ကပါ”ကို လူတွေအတော်ကြိုက်ကြတယ် ။ ကျွန်တော်လည်း မကြိုက်ပဲ ဘယ်နေပါ့မလဲ ။ ဒါပေမယ့် ကျွန်တော်က Soundtrack ခွေထဲက Seal ရဲ့ Kiss for a rose ကို အရင် နားထောင်ဖူးထားတော့ သံစဉ်ကို ကော်ပီယူပြီး စာသားသွပ်ရာမှာ ဘယ်လိုအရသာကွာသွားလဲ ကောင်းကောင်းခံစားတတ်လာတယ် ။ အရင်က မြန်မာစာသားနဲ့ သီဆိုထားတဲ့ သီချင်းတွေကိုသာ ကော်ပီဖြစ်ဖြစ် အုန်းကျူးဖြစ်ဖြစ် ဘာလာလာဒေါင်းခဲ့ရာက Kiss for a rose မှာ နည်းနည်းခွဲခြားတတ်လာတယ် ။ ကော်ပီကောင်းတယ်ဆိုတာ ကော်ပီလုပ်ခြင်းမှာ ကောင်းခြင်းသာဖြစ်ပြီး မူရင်းသံစဉ်ကို ဖန်တီးရတဲ့အပိုင်းနဲ့ယှဉ်ရင် တန်ဖိုးချင်း အပုံကြီးကွာနေသေးမှန်း သိလာတယ် ။ ကော်ပီ ဘယ်လောက်ကောင်းကောင်း ကော်ပီဟာ ကော်ပီသာ ဖြစ်တယ်လို့ မြင်လာပြီး မူရင်း သီချင်းနဲ့ သံစဉ်ဖန်တီးမှုရဲ့အနှစ်သာရကို မမီနိုင်ဘူးလို့ မြင်လာမိတယ် ။
ကျွန်တော် အလယ်တန်းကျောင်းသားကနေ အထက်တန်းကျောင်းသားအရွယ် ရောက်လာတာနဲ့အမျှ soundtrack သီချင်းတွေအပေါ် နားလည်ခံစားမှု ပိုခရီးရောက်လာတယ် ။ ရုပ်ရှင်အတွက် ဆိုထားတာ မဟုတ်ပဲ ရုပ်ရှင်ထဲ တစိတ်တပိုင်း(သို့) တစ်ပုဒ်လုံး ယူသုံးခဲ့တဲ့ sountrack သီချင်းတွေအပြင် ရုပ်ရှင်ရဲ့ ဇာတ်ဝင်သီချင်း (Theme Song)အဖြစ် သပ်သပ်ဖန်တီးထားတဲ့ သီချင်းတွေကိုပါ ရုပ်ရှင်ထက်ပိုတဲ့ ခံစားမှုမျိုးနဲ့ ကိုယ့်အတွေးနဲ့ကိုယ် နားထောင်တတ်လာတယ် ။ ဥပမာ Aladdin ကာတွန်းကားထဲက A Whole New World ၊ Lion King ထဲက Can You Feel the love Tonight စတဲ့ သီချင်းတွေဆို ချာတိတ်အရွယ်တုန်းက ကာတွန်းကားထဲက အရုပ်တွေနဲ့သာ တွဲစပ်ခံစားနိုင်ခဲ့ပေမယ့် လူငယ်ဘဝထဲ ရောက်လာတော့ ကျွန်တော့်အတွက် ပိုလေးနက်မှုရှိလာပြီး ပိုခံစားလို့ကောင်းတဲ့ ဘဝရသသီချင်းတွေ ဖြစ်လာတာမျိုး ။ Sheryl Crow ရဲ့ Tomorrow Never Dies ဆိုရင်လည်း ဂျိန်းစဘွန်းဇာတ်ကားရဲ့ Theme သပ်သပ်ဖြစ်ပေမယ့် ဇာတ်ကားထက်ပိုတဲ့ ရသကို ကိုယ့်ဘာသာ ဆက်စပ်ခံစားနိုင်လာတာမျိုး ။ ချာတိတ်အရွယ်တုန်းက Air Supply ရဲ့Unchained melody ကို ကြားတိုင်း Ghost ဇာတ်ကားထဲက ဒေမီမိုးချည်း ပြေးမြင်မိပေမယ့် အထက်တန်းဖြေပြီးချိန်မှာတော့ ကိုယ့်ရည်းစားကိုယ် မြင်ယောင်ပြီး ဖီးလ်တတ်လာခဲ့ပြီလေ ။ Whitney Houston ရဲ့ I Will Always Love You” သီချင်းကို The Bodygurard (1992) ဇာတ်ကားနဲ့ချည်း တွဲခံစားခဲ့ပေမယ့် နောက်တော့ ကိုယ်ကိုယ်တိုင်က စွန့်လွတ်စွန့်စားအချစ်ရူး ဘဲတစ်ဗွေ ဖြစ်လာချိန်မှာ ပိုဖီးလ်လို့ ကောင်းတဲ့ သီချင်းတစ်ပုဒ် ဖြစ်လာခဲ့တာ ။
ဒီလို ခံစားတတ်အောင်က Matrix ဇာတ်ကားရဲ့ Soundtrack ခွေကို နားထောင်မိရာက စတာပဲ ။ သီချင်းတွေဟာ ဇာတ်ကားပါ အကြောင်းအရာတွေကို သပ်သပ်ရေးဖွဲ့သီဆိုနေရုံ မဟုတ်ပဲ အခြားသော ဆင်တူအာရုံခံစားမှု (တနည်း) အများနဲ့သက်ဆိုင်တဲ့ ကဗျာဆန်မှုကိုလည်း ပေးနိုင်တယ်ဆိုတာ ခံစားမိလာတယ် ။ တပြိုင်နက်မှာ ဘယ်လို Context ဘယ်လို Mood ဘယ်လို Atmosphere တွေ အတွက် ဘယ်လိုဂီတတွေ သံစဉ်တွေကို ဖန်တီးကြလဲ ဆိုတာကိုပါ တွေးတတ်လာစေတယ် ။ ဥပမာ Matrix ထဲက ဇာတ်ဝင်တေးတွေဟာ Lion king ခေတ်က သီချင်းတွေနဲ့ အမျိုးအစားရော vibe ပါ တူမနေသလို ခေတ်ရဲ့ရွေ့လျားလာမှုနဲ့အတူ ပြောင်းလဲလာတဲ့ ဂီတဖန်တီးမှုကိုပါ မြင်သာလာစေတာမျိုး ။ Matrix ဇာတ်ကားအတွက် Soundtrack တွေမှာ Industrial Metal တွေ Electro rock တွေပါ ပါလာခဲ့ပြီလေ ။ Scorpion King တို့ Saw တို့လို ဇာတ်ကားတွေအတွက်ဆို soundtrack တွေက Nu Metal တွေ အများစု ဖြစ်နေတာမျိုး ။ အထူးသဖြင့် အဲဒီ ၂၀၀၀ခုနှစ်ဝန်းကျင်မှာ တခေတ်ဆန်းလာတဲ့ Horror ဇာတ်ကားတွေရဲ့ sountrack သီချင်းတွေဟာ အဲဒီကာလမှာ ပြောင်းလဲနေတဲ့ သီချင်းအမျိုးအစားတွေကို အများဆုံး ထည့်သွင်းထားတာ တွေ့ရမယ် ။ ရုပ်ရှင်နဲ့ဂီတ လိုက်ဖက်နေမှုကြီးပေါ့ ။ ရလဒ်ကတော့ ဒီအတွဲအစပ်ကို သိရှိခံစားတတ်လာပြီးတဲ့နောက် ခေတ်သစ် rock တွေ metal တွေကို သံစဉ်ယူပြီး ချစ်ကြိုက်ကွဲစာသား ပြန်ဖြည့်ထားတဲ့ ကျွန်တော်တို့ဆီက ကော်ပီသီချင်းတွေကို ဘယ်လိုမှ ခံစားလို့ မရ ဖြစ်လာခဲ့တာပဲ ။
Soundtrack တွေထဲမှာ သီချင်းကိုအရင် နားထောင်ဖူးပြီးမှ ရုပ်ရှင်ထဲ ပါလာတာတွေလည်း ရှိတာပေါ့လေ ။ Charlie's Angels ဇာတ်ကား စကြည့်တုန်းကဆို Korn ရဲ့ Blind နဲ့ စဖွင့်လိုက်တာ ၊ အက်ရှင်ခန်းတွေမှာ The Prodigy တို့ Blur တို့ရဲ့ သီချင်းတွေ ပါလာတာတွေ တွေ့ရတော့ အတော့်ကို ကြည့်ရပျော်မိတာ ။ ဒီသီချင်းတွေကြောင့် ဇာတ်ကားရဲ့ တင်ပြပုံတွေပါ ပိုဆန်းသစ်သွားသလို ခံစားလိုက်ရတယ် ။ ၂၀၂၂ တုန်းက ထွက်ခဲ့တဲ့ Bat Man ဇာတ်ကားထဲမှာ ၉၀ခုနှစ်က ဂရန့်ချ်အိမ်ရှေ့မင်းသား ကတ်ကိုဘိန်းရဲ့အသံနဲ့အတူ Nirvana ရဲ့ Something in the way သီချင်းကို ပြန်ကြားရတော့ ကြက်သီးထမိတာမျိုး ။ Perfect Day (2023) ဇာတ်ကားထဲမှာ The Animals ရဲ့ House of the Rising Sun ကို ပြန်ကြားရတော့ ကျွန်တော့်အတွက် ရုပ်ရှင်ထဲက ဇာတ်ကောင်ရဲ့ အိုးစကူး vibe ကို ပိုဖမ်းဆုပ်မိလိုက်သလိုမျိုး ။ The Jesus And Mary Chain ရဲ့ Just Like Honey ကျတော့လည်း Lost in Translation ကို ကြည့်ပြီးတော့မှ အသည်းအသန်လိုက်ရှာမိတဲ့ သီချင်းတစ်ပုဒ်ပေါ့လေ ။ အဲဒီ ရုပ်ရှင်ရဲ့ vibe ကိုကြိုက်ပြီး အဲဒီ vibe ကို ထပ်လိုချင်လို့ သီချင်းကို လိုက်ရှာမိတာပေါ့ ။ ရုပ်ရှင်ကြောင့် သီချင်းကို သိခဲ့တာ ဆိုပေမယ့် တကယ်တမ်း အဲဒီ ၁၉၈၅ခုနှစ်က သီချင်းက ဆိုဖီယာကော်ပိုလာရဲ့ ရုပ်ရှင်ကို အများကြီး ပံ့ပိုးနိုင်ခဲ့တာ ။ ရုပ်ရှင်နဲ့သီချင်း တသားတည်းဖြစ်အောင် ထည့်သွင်းနိုင်မှုတစ်ခုပေါ့ ။ Just Like Honey ကြောင့် Shoegaze ဆိုတဲ့ သီချင်း Genre တစ်ခုကိုပါ သိခွင့်ရလိုက်ပြီး အဲဒီအမျိုးအစားကို နှစ်သစ်စွာ နားထောင်ရင်း Indie Rock တွေကိုပါ ကြိုက်တတ်ဖို့ ဖြစ်လာခဲ့တာပဲ ။
ဒီနေ့ခေတ် ရုပ်ရှင်တွေမှာတော့ ရုပ်ရှင်အတွက် သပ်သပ်ထည့်သွင်းတဲ့ Theme Song တွေရော ဇာတ်ကားတစ်ကားတည်းမှာ နဂိုရှိပြီးသား သီချင်းတွေကို Soundtrack အဖြစ် ယူသုံးတာတွေရော စုံနေအောင်ပါပဲ ။ ဥပမာ Guardians of the Galaxy ဇာတ်ကားတွေမှာဆိုရင် ခေတ်ဟောင်းက နာမည်ကြီးပြီးသား သီချင်းတွေကိုပဲ ပြန်သုံးခဲ့တာမျိုး ။
ကျွန်တော်တို့ဆီမှာ လူသိများတဲ့ ဇာတ်ဝင်သီချင်းကတော့ Titanic ရဲ့ Theme song ဖြစ်တဲ့ My Heart will go on ပေါ့လေ ။ Soundtrack ယဉ်ကျေးမှုနဲ့ စိမ်းတဲ့ ကျွန်တော်တို့ဆီမှာ ဒီသီချင်းကိုတော့ တိုက်တန်းနစ်သီချင်းရယ်လို့ လူတိုင်းက သိခဲ့ကြတဲ့အထိပဲ ။ Theme Song နဲ့ Soundtrack ကွာခြားပုံကိုတော့ ကျွန်တော်လည်း youtube ခေတ်ရောက်တော့မှပဲ အလိုလို ကွဲပြားနားလည်ပြီးသား ဖြစ်သွားတော့တာ ။ Theme Song ဆိုတာက ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ အဓိကအမှတ်အသားအတွက် သီးသပ်ရည်ရွယ်ပြီး ရေးဖွဲ့တဲ့ သီချင်း (သို့) တေးသွားတွေ ဖြစ်ပြီး Soundtrack ဆိုတာကတော့ ရုပ်ရှင်အတွင်းထည့်သွင်းထားတဲ့ သီချင်းတစ်ပုဒ်ချင်းစီ (သို့) ပါဝင်သမျှ တေးသွား/သီချင်း အားလုံး ပြန်စုစည်းထားမှုကို ခေါ်တာပေါ့လေ ။ ဇာတ်ကားတစ်ကားအတွက် Soundtrack စုစည်းမှုတစ်ခုမှာ Background scores တွေက စလို့ ၊ Theme song တွေ အလယ် ၊ ဇာတ်ကားအတွင်း သုံးစွဲခဲ့တဲ့ သီချင်း Other featured Song တွေအထိ ပါဝင်နိုင်ပါတယ် ။ ဥပမာ The Lion King Soundtrack မှာ “Circle of Life” , “Hakuna Matata” “Can You Fell the Love Tonight” စတဲ့သီချင်းတွေအပြင် Instrumental score တွေပါ ပါဝင်နေသလိုမျိုး ။ Movie Theme လို့ ဆိုရာမှာလည်း ဇာတ်ကားကို ကိုယ်စားပြုတဲ့ တေးသံနဲ့ Flim Score လို့ ခေါ်တဲ့ ဇာတ်ကားတစ်ကားလုံးရဲ့ ခံစားမှုကို မြှင့်တင်ဖို့ ပံ့ပိုးထားတဲ့ Background Music အားလုံး ခြုံငုံခေါ်ဆိုတာလည်း ရှိပါတယ် ။ The Godfather ရဲ့ဇာတ်ကားထဲမှာ ကျနော်တို့ သိကြတဲ့ “The Godfather Waltz” တေးသွားမျိုး Pirates of the Caribbean ထဲက ဇာတ်ကားနဲ့တခါတည်း တွဲမှတ်မိသွားလောက်တဲ့ “He is a Pirate” လို တေးသွားမျိုးကျ Movie Theme လို့ ဆိုနိုင်တယ် ။ ဒါပေမယ့် ခရစ္စတိုဖာနော်လန်ရဲ့ ရုပ်ရှင်အတော်များများထဲက ထူးခြားလှတဲ့ Background scores တွေဟာ Theme နဲ့ ခွဲမရအောင် ရှိတတ်ပါတယ် ။ အက်ရှင်ဇာတ်ဝင်ခန်း(action scenes)တွေအတွက် တီးခတ်မှုမှာ မသိသာပေမယ့် ဇာတ်ဝင်ခန်းရဲ့ အငွေ့အသက်(သို့) ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ(emotional scenes) (သို့) အာရုံခံစားမှု(suspense, romance စသဖြင့်)ကို ဖေါ်ပြဖို့ တီးခတ်ထားတဲ့ သံစဉ်တွေမှာ သိပ်သိသာတယ် ။ Titanic ထဲက My heart will go on ရဲ့ သီချင်းနဲ့ သံစဉ်မျိုးကျတော့လည်း Theme Song အဖြစ်ရော Soundtrack အဖြစ်ပါ အကျုံးဝင်နေတာ တွေ့ရမယ် ။
ကျွန်တော့်အဖို့ Titanic ထဲက Theme ကို ခံစားနားဆင်မိပြီးတော့မှ ရုပ်ရှင်တေးဂီတ ဆိုတာကြီးကိုပါ ပိုစိတ်ဝင်စား အရုံစိုက်နားထောင်တတ်လာပြီး ရုပ်ရှင်ကြည့်တိုင်း အလုပ်တစ်ခု ထပ်တိုးလာတော့တာ ။
Movie Theme တွေ Flim Score တွေဆိုတာ အသက်ကြီးမှ ကောင်းကောင်းခံစားတတ်တယ် ဆိုပေမယ့် တကယ်တော့ ကျွန်တော်တို့ ကလေးဘဝကတည်းက မစိမ်းလှပါဘူး ။ ကာတွန်းကားတွေ အထူးသဖြင့် Tom and Jerry ထဲမှာ ပျော်ရွှင်မြူးတူးဖွယ် ကြည်နူးလွမ်းမောဖွယ် Background Music တွေ အကြိမ်ကြိမ် ကြားခဲ့ဖူးတာပဲလေ ။ နောက် ချာတိတ်ဘဝမှာ စူပါမင်းကားတွေ Star Wars ကားတွေနဲ့ စတီဗင်စပီးဘာ့ခ်ရဲ့ဇာတ်ကားတွေထဲ အမြဲပါလေ့ရှိတဲ့ John Willims ရဲ့ သြခတ်စထြာကြီးနဲ့ တီးထားတဲ့ Theme တွေ ခံစားခဲ့ရ ၊ အထူးသဖြင့် Jurassic Park ထဲက ဂီတပံ့ပိုးမှုဆို တသက်လုံး နားထဲစွဲနေတဲ့အထိပဲ ။ အလယ်တန်းကျောင်းသားဘဝက Star tv လိုင်းမှာ တစ်ပတ်တစ်ကြိမ် စောင့်ကြည့်ဖူးတဲ့ X File စီးရီးရဲ့ Main Theme ဆို ကျွန်တော့် ရင်ထဲ စွဲမှန်းမသိစွဲနေခဲ့တာ ။ အနှစ် ၂၀ကျော် ကြာပြီးလို့ အဲဒီ X File Theme ကို ဖုန်း ringtone အဖြစ် တနေရာရာမှာ ကြားလိုက်ရတော့ ကျွန်တော့် စိတ်တွေ အလယ်တန်း ကျောင်းသားဘဝတုန်းက အဖေနဲ့အတူ တီဗွီမှုန်တုန်တုန်လေးနဲ့ X File စီးရီးတွေ စောင့်ကြည့်ခဲ့တဲ့ ညတွေဆီ ပြန်ရောက်သွားရတဲ့အထိပဲ ။ ချာတိတ်ဘဝရဲ့အလတ်ဆတ်ဆုံး နှလုံးသားတွေနဲ့ တေးမှတ်ခဲ့တဲ့ အရုပ်တွေ အသံတွေ မဟုတ်လား ။ ကျွန်တော်တို့ကိုယ်တိုင်က သိပ္ပံနဲ့စိတ်ကူးယဉ် စုံထောက်ဇာတ်လမ်း X file ထဲ ရောက်နေသလိုလို ရင်ခုန်လှိုက်မောဖွယ် အတိတ်က နေ့ရက်တွေလေ ။ ဒီလို ကျွန်တော့်ကို အတိတ်ဆီ ပြန်ခေါ်နိုင်တဲ့ Movie mainTheme တွေ အများကြီးပါလေ ။ Home Alone , Robocop, Terminator , Nightmare Elmstreet , Speed , Bat Man return စသဖြင့် နောက်ဆုံး ဂျက်လီရဲ့ ဝမ်ဖေးဟုန်ကားတွေထဲက တီးလုံးနဲ့ ဝူခန်းဇာတ်လမ်းတွဲထဲက အဖွင့်တီးလုံးအထိပေါ့လေ ။
Theme တွေဟာ Soundtrack တွေလောက် လူသိပ်မသိကြပေမယ့် ကျွန်တော့်အတွက်တော့ ပိုပြီးလေးနက်ခမ်းနားတဲ့ ဂီတတမျိုးလို့ မြင်မိတယ် ။ Soundtrack တွေ အများစုက ကျွန်တော်တို့ နားထောင်နေကြဖြစ်တဲ့ ပေါ့ပ်တွေ ရော့ခ်တွေထဲက သီချင်းတစ်ပုဒ်နဲ့ မကွာပေမယ့် Theme တွေက ဂန္ထဝင်ဂီတ (သို့) Baroque ဂီတရဲ့ အငွေ့အသက်တွေ ခြုံလွမ်းနေတတ်တယ် ။ Cinema Paradiso တို့ The Good ,The Bad and The Ugly တို့လို ရုပ်ရှင်တွေထဲက Theme တွေဆိုရင် ကမ္ဘာတဝန်းက ပရိသတ်ကို ကြွေဆင်းသွားအောင် လုပ်နိုင်တဲ့ တေးသွားတွေပေါ့ ။ Theme တွေဟာလည်း ခေတ်အလိုက် ပြောင်းလဲခဲ့တာပါပဲ။ ဒီနှစ်ထဲ ကြည့်ရတဲ့ Mission Impossible တို့ Superman တို့ Jurassic Park တို့လို့ sequel ဇာတ်ကားတွေရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်ကားတွေမှာဆိုရင် ပထမဆုံးဇာတ်ကားကတည်းက သုံးခဲ့တဲ့ Theme အဟောင်းကိုပဲ ဒီနေ့ဂီတပုံစံသစ်တွေနဲ့ ပေါင်းစပ်ပြီး ပြန်တီးခတ်ထည့်သွင်းထားတာ တွေ့ရမယ် ။
စာသားမပါ စာသားသီဆိုမှု မပါတဲ့ ရုပ်ရှင်နောက်ခံတေးဂီတတွေကို ခံစားတတ်ခြင်းဟာ တချိန်မှာ ကျွန်တော့်ကို New Age ဂီတနဲ့ အလွယ်တကူ ချိပ်ဆက်မိစေဖို့ ဖြစ်လာခဲ့ပြန်တယ် ။ ၂၀၀၀ခုနှစ် ဝန်းကျင်တွေမှာ ကျွန်တော် Kitro တို့ Yanni တို့ Engma , Enya စသူတို့ရဲ့ New Age ဂီတကို အသေချာ နားထောင်တတ် ကြိုက်တတ်ခဲ့တယ် ။ Movie Theme တွေဆိုတာ ရုပ်ရှင်ကြည့်ချိန်ကလွဲရင် အပြင်မှာ ဝယ်နားထောင်လို့ရတာမျိုးလည်း မဟုတ် သီးသန့်နားထောင်ဖို့ ဂီတလည်း မဖြစ်ခဲ့ပေမယ့် ဂီတဖန်တီးမှုချင်း ဆက်နွယ်မှုရှိတဲ့ New Age ဂီတနဲ့ ဆက်တွေ့ခဲ့ရတယ်ပေါ့ ။ သေချာတာကတော့ Movie Theme တွေသာ ကျွန်တော် မခံစားတတ်ခဲ့ရင် New Age နဲ့လည်း ဝေးနေအုံးမှာပဲ ။ ၂၀၀၀ခုနှစ်နောက်ပိုင်း Theme တွေမှာ အော်ခပ်စထြာနဲ့ အတူ အီလက်ထရိုဂီတကိုပါ ပေါင်းစပ်တီးခတ်လာတာတွေ တွေ့ရပြီး New Age ဂီတနဲ့ အတော်လေး နီးစပ်လာတယ် ။ ဒီနေ့မှာတော့ ခရစ္စတိုဖာနော်လန်ရဲ့ ရုပ်ရှင်တွေထဲက Theme တွေဟာ ကျွန်တော့်အတွက် New Age ဂီတလိုပဲ ဆွဲဆောင်မှုရှိတဲ့ တေးဂီတတရပ်ဖြစ်နေခဲ့ပြီ ။ Lord of the Ring : the fellowship of the ring ဇာတ်ကားထဲမှာတော့ Enya ရဲ့ New Age သီချင်းတစ်ပုဒ်ဖြစ်တဲ့ May it be ကို Soundtrack အဖြစ် သုံးထားတာ တွေ့ရမယ် ။ ဂီတအမျိုးအစားတွေဟာလည်း Background Music , Movie Theme , New Age, Electro နဲ့ Lofi တွေအထိ ရောနှောပေါင်းစပ်ပြီးလို့ Ambient ဂီတဆိုတဲ့ အမျိုးအစားကို ကျွန်တော်တို့ နားဆင်ခွင့် ရနေပြီပေါ့လေ ။
ဂီတဟာ ရုပ်ရှင်တွေအတွက် အကောင်းဆုံး နောက်ခံပံ့ပိုးမှုအသံ ဖြစ်ခဲ့သလို ကျွန်တော်တို့ ဘဝအတွက်လည်း ကျွန်တော်တို့ရဲ့ အတိတ်နေ့ရက်တွေကို ပြန်ရောက်စေနိုင်တဲ့ ၊ တချို့ အမှတ်ရစရာအခိုက်အတန့်တွေနဲ့ ခွဲခြားမရတဲ့ ၊ လက်ရှိကာလ ခံစားချက်တွေကို ကိုယ်စားပြုနိုင်တဲ့ နောက်ခံ တေးဂီတအဖြစ် လိုက်ပါစမြဲ မဟုတ်လား ။ ။
M.Y.P
2025,Aug
_____________________________________