2000 Music Essay (Part-2)

September 9, 2025

2000 Music Essay (Part-2)


Alternative ကိုယ်ပိုင်သံစဉ်



၉၀ခုနှစ်တွေရဲ့ နှောင်းပိုင်းနှစ်များကို ရောက်လာပါပြီ ။ ကျွန်တော် ရှစ်တန်းတုန်းက နားထောင်ဖူးပြီး ဘာမှန်းမသိလိုက်တဲ့ Nirvana ကို မေ့ပျောက်သွားချိန်မှာ ဒိုးလုံးရဲ့ အရိုးထိအောင်ရူး (၁၉၉၇)ကို နားထောင်ရတယ် ။ ကာဗာမှာ ရေးထားတယ် ၊ Alternative ကိုယ်ပိုင်သံစဉ်တဲ့ ။ အဲဒီတော့မှ ကျွန်တော် အလင်္ကာကို ပြန်လှန်ရတော့တာ ။ အလင်္ကာဂီတဂျာနယ်ဟာ ကျွန်တော်တို့ခေတ်ရဲ့ ဂီတဝီကီပီးဒီးယားပဲ ။ ၉၆ လောက်ကတည်းက Oasis , Green Day ,Blur , EMF , Alice in Chains စတဲ့ Band တွေအကြောင်း ပါရှိပြီးသား ။ ၉၀ခုနှစ်ရဲ့ နှောင်းပိုင်းနှစ်တွေမှာ ဒိုးလုံး (၁၉၉၇) ၊ Query Query (၁၉၉၈) The Ants (၁၉၉၈) တို့ ရှေ့ဆက်နောက်ဆက် ထွက်လာကြတယ် ။ ကျွန်တော်တို့ဆီက ဂီတပရိသတ်ဟာ အဲဒီဂီတသမားတွေရဲ့ သီချင်းတွေကို ဘာတွေလဲဟ ဆိုပြီး မျက်မှောက်ကုပ်လျက် နားထောင်ခဲ့ကြတယ် ။ တချို့ကတော့ အဲဒီအခွေကို ကက်ဆက်ထဲက ထုတ်ပြီး လွှင့်ပစ်လိုက်ကြတဲ့အထိပဲ ။ ကျွန်တော်ဆိုရင် အလယ်တန်းကတည်းက Death တွေ Marilyn Manson တွေ နားထောင်ဖူးတယ်သာ ပြောတာ ၊ တကယ်တမ်း မြန်မာစကားတွေနဲ့ အခုလို (Alternative / Grunge စတဲ့) သီချင်းတွေကြားရတဲ့အခါ ချက်ချင်းလက်မခံနိုင်ခဲ့ဘူး ။ နားထဲမှာ အသားကျပြီးသား ဂီတပုံစံတွေဆီကိုပဲ စိတ်က တိမ်းညွတ်နေမိတယ် ။



ဒီခံစားချက်မျိုးကို ဒိုးလုံးတို့ မတိုင်ခင်က တစ်ကြိမ်ဖြစ်ဖူးပါတယ် ။ ၁၉၉၆ခုနှစ် ၊ ဆဌကမ္ဘာ ၉၆ စီးရီးခွေထဲက ရင်ဂိုရဲ့ ပစ္စပ္ပုန်ကို နားထောင်ရတုန်းကပေါ့ ။ သီချင်းစာသားထဲမှာ “ရင်ခုန်သံ Thrash ပဲ”လို့ ပါပေမယ့် အခု ပြန်နားထောင်ကြည့်တဲ့အခါ ဒီသီချင်းဟာ (Thrash Metal ထက်) သံစဉ် ၊ စာသား ၊ တီးခတ်မှု ၊ သီဆိုမှု အားလုံး Hardcore Punk ပီပီသသတစ်ပုဒ် ဖြစ်နေတယ်လို့ မြင်မိတယ် ။ ဒါပေမယ့် ဒီ ဆဌကမ္ဘာ ၉၆ အခွေမှာ ဇော်ဝင်းထွဋ်ရဲ့ အဆင်မပြေဘူး ဆိုတဲ့ slow rock လေးတစ်ပုဒ်ပဲ လက်ဖက်ရည်ဆိုင်မှာ ဖွင့်ကြ ၊ ပလက်ဖေါင်းဂစ်တာဝိုင်းတွေမှာ ဆိုကြတာ မဟုတ်လား ။ ရင်ဂို သီချင်းနဲ့ ဒီခွေထဲက မျိုးကျော့မြိုင်ရဲ့ Alternative rap တစ်ပုဒ်ဖြစ်တဲ့ မျက်လုံးများဖွင့်ကြည့်လိုက်ပါ သီချင်းကိုတော့ ဘယ်မှာမှ ဖွင့်သံမကြားရပါဘူး ။ ဆိုလိုတာက အဲလို အသစ်တွေ တစ်ပုဒ်စ နှစ်ပုဒ်စ ရှိပေမယ့် ပရိသတ်အများစုနဲ့ ဝေးနေခဲ့တာကိုပါ ။ တကယ်တော့ သဘာဝကျပါတယ် ။ အနောက်တိုင်းက အော်လ်တာနေးတစ်ရော့ခ်ဟာလည်း ဒီလိုပါပဲ။ ၈၀ခုနှစ်တစ်ခုလုံး underground မှာ ကျင်လည်ခဲ့ပြီးမှ ၉၀ခုနှစ်ထဲမှာ စင်ပေါ်ရောက်လာတာပါ ။



၁၉၉၈မှာ ခင်ဗျား အထိတ်တလန့်နဲ့ နားထောင်နေတဲ့ The Ants ရဲ့ ရောင်စုံချော့ကလက်စီးရီးထဲက သီချင်းတွေဟာ တကယ်တော့ ခင်ဗျားရင်းနှီးကျွမ်းဝင်ပြီးသား Heavy Metal တွေ ၊ Hard Rock တွေနဲ့ အခြား ဂီတမျိုးစိပ်တွေ ကနေ အဆင့်ဆင့် ခွဲထွက်လာတဲ့ Twig တွေပဲလေ ။ ဒါပေမယ့် ဘာဖြစ်လို့ Query Query တို့ The Ants တို့ ဒိုးလုံးတို့ကို ကျွန်တော်တို့ နားထဲမှာ စိမ်းနေခဲ့ကြသလဲ ။ အဲဒါကို ဆက်ပြောဖို့ ၉၀ခုနှစ်တွေထဲ ရောက်လာတဲ့ အနောက်တိုင်းရော့ခ်ဂီတရေစီးကိုအရင် တချက်ရှိုးဖို့ လိုလိမ့်မယ် ။


(0.1)

ရော့ခ်နဲ့မယ်လ်တယ်ရဲ့ ဂီတသစ်ရေစီးဟာ ၉၀ခုနှစ်တွေရဲ့နှောင်းပိုင်းနှစ်တွေမှာတော့ ပိုပြီး စုံလင်များပြားလာတယ် ။ ဂီတရေစီးရဲ့ အကိုင်းအခက်တွေဟာ အရွက်တွေ အပွင့်တွေနဲ့ မရပ်မနားဆက်ထွက်နေတုန်းပဲ ။ အဲဒီကာလတွေမှာ ယခင်က သီးခြားစီ ရှိခဲ့တဲ့ ဂီတအမျိုးအစားတွေကို ၇၀ ၈၀ တွေမှာ ပေါင်းစပ်ပြီး ပေါ်ပေါက်လာတဲ့ အမျိုးအစားတွေကို ထပ်မံပေါင်းစပ်ထားသော ဂီတများလို့တောင် ဆိုနိုင်တယ် ။ အဘေးဖြစ်သူက ပေါ်တူဂီကုန်သည်ဖြစ်ပြီး အဖွားဖြစ်သူက အင်းလေးသူ ဖြစ်တယ်ဆိုတာ မယုံနိုင်ဖြစ်နေတဲ့ မြန်မာပြည်တောင်ဖက်စွန်း ကျွန်းတစ်ကျွန်းပေါ်က ကရင်လူမျိုး မြစ်ဖြစ်သူရဲ့ဆင်းသက်မှုလိုပါပဲ ။ မင်း အဘေးဟာ ငါ့အဘေးလည်း ဖြစ်နေတယ် ဆိုတာမျိုး ။


၇၀ ကနေ စီးခဲ့တဲ့ Rock နဲ့ Metal ရေစီးဟာ ၇၀ အလယ်မှာထွက်ပေါ်လာခဲ့တဲ့ Punk ၊ ၇၀နှောင်းပိုင်း post punk တွေ ၊ ၈၀ အစောပိုင်း New Wave တွေနဲ့ ၈၀ ခုနှစ်အလယ်ပိုင်းတွေမှာ ပေါင်းစပ်မိပြီး ၉၀ခုနှစ်တွေမှာတော့ Alternative နဲ့ Grunge တွေ အဖြစ် တစ်လမ်း ။ Electronic ဂီတနဲ့ပေါင်းမိပြီး Industrial rock တွေ Hard Alternative တွေအဖြစ် တစ်လမ်း အရှိန်အမြင့်ဆုံးကို ရောက်လာခဲ့တယ် ။ တကယ်တော့ ၉၀ခုနှစ်တွေထဲ ရောက်လာချိန်မှာ Rock နဲ့ Metal ကို ခွဲပြောဖို့တောင် ခက်လာပြီ ။ သူတို့နှစ်ယောက်ကနေ သားသမီးတွေ အများကြီး ရခဲ့ပြီးပြီ ။ ရော့ခ်နဲ့ မယ်တယ်လ်ဆိုတာ ၉၀ခုနှစ်ထဲ ကြီးပြင်းလာတဲ့ အော်လ်တာနေးတစ်ရော့ခ် ၊ အော်လ်တာနေးတစ် မယ်လ်တယ်တွေရဲ့ အဖိုးအဖွားနာမည်တွေ ဖြစ်ကုန်ပြီလေ ။



Metal ရဲ့ သွေး ပိုပါတဲ့ မြေးမြစ်တွေ အဖြစ်တော့ Metalcore တွေကျန်ခဲ့တယ် ။ ကျန်ခဲ့တယ်ဆိုတာက ၈၀နဲ့ ၉၀ အစောပိုင်းလောက်အထိ ကြမ်းခဲ့တဲ့ Death Metal ဟာ Grindcore မှ Pornogrind အထိ အဆုံးစွန်အထိ ရောက်ခဲ့ပြီး ၉၀ခုနှစ်တွေထဲမှာ မှေးမှိန်သွားခဲ့လို့ပဲ ။ (အသစ်တိုင်းလည်း မမြဲဘူးဆိုတဲ့ သဘော) Metal ရဲ့သွေးသားအရင်းအဖြစ် ဆက်လက်ရှင်သန်လာတဲ့ Metalcore ဟာ Metal နဲ့ punk တွေရဲ့ အကောင်းဆုံးသော မျိုးစိတ်တွေနဲ့ ပေါင်းစပ်ထားတဲ့ မျိုးစိပ်တစ်ခုလို့ ဆိုနိုင်တယ် ။ Iron Maiden နဲ့ Lam of god ဟာ အဖိုးအမြေးအရင်းတွေသာ ဆိုတယ် ၊ တခြားစီပဲနော် ဆိုတာမျိုး ဖြစ်နေခဲ့ပြီ ။



ဒီပေါင်းစပ်မှုတွေကို ပြန်ကြည့်ရင် ရော့ခ်ဂီတ ခေတ်သစ်သမိုင်းမှာ New Wave နဲ့ Hardcore Punk ဆိုတဲ့ မျိုးစိတ်နှစ်ခုက နေရာတကာ အရေးပါနေတာ မြင်ရလိမ့်မယ် ။ ၈၀ခုနှစ်တွေမှာ ပေါ်ပေါက်ခဲ့တဲ့ New Wave ဆိုတာက ဂီတအမျိုးစား အတော်စုံစုံလင်လင်ကို ပေါင်းစပ်ထားတဲ့ အမျိုးအစား ဖြစ်တယ် ။ Power pop, Electronic, Disco တွေလည်းပါသလို ၊ Art pop တွေလည်းပါ ၊ Reggae ကနေ, Glam rock တို့ Progressive rock တို့လည်း ပါနေတာကြောင့် New Wave အကြောင်း ဝီကီခေါက်မယ်ဆိုရင်တောင် အတော်ကြာကြာခေါက်ရမယ့် အမျိုးအစားဖြစ်တယ် ။ တကယ်တော့ အားလုံးက googling လုပ်လို့ရတာချည်းပါပဲ ။ ကျွန်တော်က ဒီစာတစ်ပုဒ်နဲ့ ရော့ခ်ဂီတရဲ့ကောက်ကြောင်းကို ပြန်ဆွဲကြည့်နေတာပါလေ ။ ကျွန်တော်ရဲ့ တသက်တာ သီချင်းနားဆင်ခံစားမှု အတွေ့အကြုံ အနည်းငယ်နဲ့အတူပေါ့ ။ ပြီးတော့မှ ကျွန်တော်တို့ဆီကို ဘာအမျိုးအစားတွေ ဘယ်ချိန်မှာ ဘယ်လောက်ရောက်ခဲ့လဲ ကြည့်ကြတာပေါ့ ။


၀.၂

အခု ကျွန်တော်ပြောနေတာ Rock နဲ့ Metal ရဲ့ ၉၀ခုနှစ်တွေထဲ စီးဆင်းနေပုံဖြစ်တယ် ။ အကြမ်းဖျင်းအားဖြင့်ပေါ့ ။ အကျယ်ကတော့ ကျမ်းစာအုပ် တစ်အုပ်စာမက ရှိလိမ့်မယ် ။ ရော့ခ်တွေ မယ်လ်တယ်တွေရဲ့ ယူနီဗာ့စ်နဲ့အပြိုင် တစ်ဖက်မှာလည်း ၉၀ခုနှစ်ရဲ့ အအောင်မြင်ဆုံးသော ဂီတအမျိုးအစားတစ်ခုအဖြစ် Hip Hop က အရှိန်အဟုန်ကောင်းကောင်းနဲ့ စီးဆင်းနေခဲ့ပြီ ။


၇၀ခုနှစ်တွေက Disco , Funk , RnB တွေရဲ့ ပင်စည်အကိုင်းတွေကနေ ၈၀ ခုနှစ်ထဲမှာ Synth-pop, Techno , Hip House, Oldschool Hip Hop တွေ ထပ်ထွက်လာတယ် ၊ အဲဒီရဲ့အကိုင်းအခက်တွေကနေ ၉၀ခုနှစ်များရဲ့ House ,Electronic နဲ့ Hip Hop ဖြစ်လာတယ် ။ Hip Hop ဆင်းသက်လာပုံတွေက သီးသန့် ကျယ်ပြန့်စွာ ရှိပါသေးတယ် ။ ထားတော့ ။ ဒီအပိုင်းမှာ ကျွန်တော် အဓိကပြောချင်တာက ၉၀ခုနှစ်အကုန်နဲ့ ၂၀၀၀ခုနှစ်အစောပိုင်း ရော့ခ်ရေစီးကြောင်းဖြစ်ပြီး အဲဒီကာလတွေမှာ အရှိန်အမြင့်ဆုံးရောက်ခဲ့တဲ့ Alternative Rock အကြောင်းကိုပါ ။



ဒါဖြင့် Hip Hop နဲ့ rap ယူနီဗာ့စ်ကို ဘာလို့ထည့်ပြောနေသလဲဆို ၊ သူလည်း ၉၀ခုနှစ် အစောပိုင်းကတည်းက ရော့ခ်နဲ့ လက်ထပ်ခဲ့ဖူးလို့ပဲ ။ အဲဒီကာလမှာတင် Beastie Boys တို့ ရှိနေပြီ ။ Rock ကဲတဲ့ သီချင်းထဲ rap ရွတ်ထားတဲ့ rap rock နဲ့ Hip Hop ကို အော်လ်တာနေးတစ်နဲ့ ရောထားတဲ့ Alternative Hip Hop တို့ရှိလာတယ် ။ Rap Rock တို့ Alternative Hip Hop တို့ဆိုတာ ၁၉၇၅မှာ Aerosmith နဲ့ ဟစ်ဟော့အဖွဲ့ Run-DMC တို့ Walk This Way ဆိုတဲ့သီချင်းတစ်ပုဒ်မှာ ပေါင်းစပ်ကြည့်ခဲ့တာထက် အများကြီးပိုတယ် ။



ကျွန်တော်တို့ဆီမှာလည်း မျိုးကျော့မြိုင်က (Virus 3 - ၁၉၉၅မှာ) ဇော်ဝင်းထွဋ် လေးဖြူတို့နဲ့အတူ rap n roll ကို သီဆိုခဲ့တယ် ။ သူ့ရဲ့ EDM ထဲမှာ ရော့ခ်ကာကြီးနှစ်ယောက်ကို ခေါ်ဆိုခိုင်းခဲ့တယ် ။ ဘာအမျိုးစားလဲတော့ ကျွန်တော်လည်း မပြောတတ်ဘူး ၊ ဒါပေမယ့် ဒီလို rap နဲ့ ရော့ခ် ပေါင်းရုံနဲ့တော့ rap rock မဖြစ်ပါဘူး ။ မဖြစ်ပါဘူးဆိုတာ ကမ္ဘာ့ရေစီးနဲ့ နှိုင်းယှဉ်ပြောကြည့်ခြင်းပါ ။ ဒီ rap n roll သီချင်းနဲ့အတူ မျိုးကျော့မြိုင်ရဲ့ Virus 3 ဟာ ကျွန်တော်တို့ဆီမှာ ၉၀ခုနှစ်အတွက် ခေတ်ရှေ့အပြေးဆုံး ဖန်တီးမှုအားအကောင်းဆုံး စီးရီးတွေထဲက တစ်ခွေပါပဲ ။ အခုနေအခါမှာ ဒီသီချင်းက ဘာလို့ rap rock မဖြစ်နိုင်တာလဲ စဉ်းစားကြည့်တော့ ၊ ကျွန်တော်တို့ဆီမှာ Punk နဲ့ new wave ဖြတ်သန်းမှု မရှိလို့ပဲလို့ ကျွန်တော် ယူဆတယ် ။ Beastie Boys (Backstreetboys မဟုတ်ပါ) rap rock ဖြစ်တယ်ဆိုတာက သူတို့ဝိုင်းက အစောပိုင်းမှာ hardcore punk ဖြစ်ခဲ့သေးလို့ပဲ ။ Punk ရဲ့ သွေးနှောနေလို့ပါပဲ ။ (Sex Pistols တို့ Ramones တို့ ကမ္ဘာကြီးမှာ အရေးပါခဲ့ပုံတွေပေါ့ )



အခုချိန်မှာ ၉၀ခုနှစ်တွေရဲ့ ကမ္ဘာ့ခေတ်ပြိုင် ရော့ခ်ဂီတသမားတွေနဲ့ ယှဉ်ကြည့်ရင် ဇော်ဝင်းထွဋ် လေးဖြူ ဟယ်ရီလင်းတို့ဆိုတာ သိပ်ယဉ်ကျေးသိမ်မွေ့နေသလို ခံစားရတယ် ။ စိတ်ထဲမှာတော့ မြန်မာတွေ ဖြစ်လို့များလား တွေးမိတယ် ။ ၉၅မှာ ထစ်ချုန်းမိုး စီးရီး ထွက်လာတယ် ။ ဇော်ဝင်းထွဋ် ဟယ်ရီလင်း ရင်ဂို အစရှိတဲ့ rockသမားတွေနဲ့ Electro/Rap ဆရာ မျိုးကျော့မြိုင်လည်း ပါလာခဲ့တယ် ။ ဇော်ဝင်းထွဋ်နဲ့ မျိုးကျော့မြိုင် ပေါင်းစပ်ထားတဲ့ ထစ်ချုန်းမိုးသီချင်းကို ပိုပြီး မြန်ဆန်ဆူညံမယ့် သီချင်းတစ်ပုဒ် ဖြစ်လာမယ်လို့ ထင်ခဲ့တယ် ။ ဒါပေမယ့် rap rock လိုမျိုး ဖြစ်မလာပဲ RnB ဖက် ပိုရောက်နေခဲ့တယ် ။ ဒီစီးရီးထဲမှာပါတဲ့ မျိုးကျော့မြိုင်ရဲ့ မင်းနဲ့အတူ သီချင်းကတော့ Punk စတိုင် သီချင်းတစ်ပုဒ်ဖြစ်တယ်။ မျိုးကျော့မြိုင်ရဲ့ Vocal က Pop တွေ Rap တွေနဲ့ပဲ ပိုလိုက်ဖက်လို့လား မသိ Punk ရဲ့အရသာ မရပေမယ့် ဆန်းသစ်တဲ့ သီချင်းတစ်ပုဒ်အဖြစ်တော့ မှတ်မိနေခဲ့တယ် ။


၀.၃

စမ်းသပ်ခဲ့သူတချို့



တကယ်တော့ The Ants တို့ အရှေ့မှာ အခြားသော ရော့ခ်ဂီတပုံစံတွေကို စမ်းသပ်ခဲ့သူတချို့ ရှိပါတယ် ။ ဥပမာ သွှအောင် ၊ ဂျွန်သင်ဇမ်း ရဲ့ ဝေးလွှင့်ခြင်း၏ နောက်ဆုံးခြေရာ ၊ ဘိုတောက်ရဲ့ လမ်းဖြောင့် (၁၉၈၇) ၊ မျိုးကျော့မြိုင် ၉၀ခုနှစ်တွေမှာ ထွက်ခဲ့သမျှ ၊ စီယံ အရိပ်၏မျိုးစေ့ (၁၉၉၄) ဟင်းလင်းပြင်တံခါးဝှက် (၁၉၉၅) ၊ ဒဲရစ်မေလာ ခေတ်သစ်ရေစီး (၁၉၉၆) ၊ စသဖြင့် ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကက်ဆက်ထဲကို သိပ်မရောက်ဖြစ်ခဲ့ဘူး မဟုတ်လား ။ ကျွန်တော်ဆိုလည်း အမှန်တိုင်း ဝန်ခံရရင်(မျိုးကျော့မြိုင်ကလွဲရင်) အဲဒီ ဂီတသမားတွေကို နောက်နှစ်များစွာကြာမှ သိရှိရင်းနှီးလာခဲ့တာလေ ။



ဇော်ဝင်းထွဋ်နဲ့ အခြားအဆိုရှင်တွေရဲ့ အဖွဲ့လိုက် စီးရီးတွေမှာလည်း ရိုးအီစပြုလာတဲ့ ရော့ခ်ပုံစံတွေကနေ ခွဲထွက် စမ်းသပ်ထားတဲ့ သီချင်းတချို့ပါရှိတာ တွေ့ရလိမ့်မယ် ။ ဆဌကမ္ဘာ ၉၆ ထဲက ရင်ဂိုရဲ့ ပစ္စုပ္ပာန် ၊ အဖြူရောင်အခန်း(၁၉၉၆) ထဲက စည်သူလွင်ရဲ့ လိုချင်တာမင်း ၊ ရင်ဂိုရဲ့ ရိုင်းလားပြော ၊ ဟယ်ရီလင်းရဲ့ လူသားကျွန်ုပ်တို့ သမိုင်း ၊ ရပ်ကြည့်သွား (၁၉၉၇) ထဲက သီရိဂျေမောင်မောင်ရဲ့ AD 2002 (Robzombieရဲ့ သီချင်းကို ကော်ပီယူထားတာပါ) ။ အဲဒီ သီချင်းတွေဟာ Punk နဲ့ Industrial ပုံစံတွေကို ဒီမှာ အစောဆုံး (ကော်ပီလုပ်) စမ်းသပ်ထားခြင်းပဲ ။ နောက် Big 5 ချစ်သောကမ္ဘာမြေ (၁၉၉၈) ထဲက မျိုးကျော့မြိုင်ရဲ့ Ready to go ဆိုရင် Alternative rap တစ်ပုဒ်ဖြစ်မှန်း အခုပြန်နားထောင်ကြည့်တော့မှာ သိတာ ။


0.4

ခုန်ပျံကျော်လွှား ရောင်စုံချော့ကလက်များ


ဒါပေမယ့် Other တစ်ခုခု ဂီတခံစားမှုထဲ ရှော့ခ်ရိုက်လိုက်သလို ခံစားရစေတာကတော့ Query Query တို့ The Ants တို့ နားထောင်ရချိန်မှ ဖြစ်တာပါ ။ wave တစ်ခုရဲ့အစ ရိုက်ခတ်ခံရမှုပေါ့ ။ ကျွန်တော့်အထင် သူတို့ သီချင်းတွေ နားထောင်ရတာ ယဉ်ကျေးမှုတစ်ရပ် ရုတ်တရက် ခုန်ပျံကျော်လွှားလိုက်သလို ခံစားရလို့ပဲနေမှာ ။ ဘိုလို အသံထွက်တွေဆီကတော့ လာချင်ရာလာနိုင်တာကို သိထားပြီးသား ၊ ဒါပေမယ့် (ရောင်စုံချော့ကလက်ထဲမှာ) ဟယ်ရီလင်းတို့ လေးဖြူတို့ အငဲတို့ Grunge တွေ ဆိုနေတာ ဘယ်လို နားထောင်ရမှန်း မသိဘူး ဖြစ်နေခဲ့တာလေ ။ အနောက်တိုင်းရော့ခ်ဂီတရေစီးနဲ့ Gap အကြီးကြီးရှိနေတဲ့ မြန်မာပရိသတ်အတွက် သူတို့သီချင်းတွေ ကူးစက်ခံစားဖို့ ခက်နေပေမယ့် တဖက်က ပြန်စဉ်းစားကြည့်ရင် အဲဒီ (Punk , New Wave စတဲ့) ကွင်းဆက်တွေ မရှိခဲ့တဲ့ ဒီနိုင်ငံမှာ သူတို့က အဲဒီ Alternative (သို့) ရော့ခ်ဂီတသစ်တစ်ခုကို ပုံပေါ်အောင် ဖန်တီးနိုင်ခဲ့တာ အံ့သြလေးစားဖို့ ကောင်းလှပါတယ် ။


ကွီရီ ၊ ပုရွက်ဆိပ်အဖွဲ့နဲ့ ဒိုးလုံးရှေ့မှာ ပင်မရေစီးရော့ခ်စတိုင်တွေကနေ ခွဲထွက်ထားတဲ့ မျိုးမျိုး (Ghostrider) အဲလက်စ်(နေ့သစ်များကိုကြိုဆိုခြင်း)နဲ့ အယ်နှောင်း တို့ရှိခဲ့ပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင်တော့ Alternative ရဲ့အရသာကို သယ်မလာနိုင်ခဲ့ဘူး ။ အရည်အသွေးပိုင်းကို ပြောတာ မဟုတ်ဘူးနော် ။ အော်လ်တာနေးတစ်ကို သွားဖို့ ရည်ရွယ်ဖန်တီးပါလျက် မဖြစ်ခဲ့တာကို ပြောချင်တာပါ ။



ဥပမာ အယ်နောင်းရဲ့ အနောက်တောင် မုတ်သုံ (၁၉၉၆)မှာ ဆိုရင် တေးရေးနဲ့ တေးဆိုက အခြားရော့ခ်ဂီတပုံစံတစ်ခုကို စမ်းချင်နေတာ သိပ်သိသာတယ် ၊ ဒါပေမယ့် Iron Cross ရဲ့ Heavy Metal တီးခတ်ပုံတွေ လွမ်းမိုးသွားပြီး ရော့ခ်စီးရီးကောင်းတစ်ခုသာ ဖြစ်ခဲ့တယ် ၊ အော်လ်တာနေးတစ် ရော့ခ်ကတော့ ဖြစ်မလာခဲ့ဘူးပေါ့ ။ ဥပမာ မင်းကြောင့် ရူးပြီ ၊ ကမ္ဘာမြေရဲ့နောက်ဆုံးနေ့ ၊ သီချင်းမြင်းရိုင်းဆိုတဲ့ သီချင်းတွေမှာ Punk ဖြစ်ရမယ့်အစား Rock / Speed Metal တွေဖက် ပိုရောက်နေတာမျိုး ။



ထို့အတူ စီယံရဲ့ အရိပ်၏မျိုးစေ့ (၁၉၉၄) ထဲက သော့လေးတစ်ချောင်းပျောက်ဆုံးခြင်း ၊ ရင်ခုန်ခြင်းအပြစ် ၊ မြည်တမ်းတေး (နှစ်) ၊ မြေကြီးဖြစ်ရအောင် ဆိုတဲ့ ပုဒ်တွေဟာ Alternative rock စတိုင်တွေပါ ။ ဒါပေမယ့် ဒီသီချင်းတွေကိုရော စီယံကိုရော အော်လ်တာနေးတစ် ရှေ့ပြေး owntune ရေး-ဆိုသမားတစ်ယောက်အဖြစ် ပရိသတ်က မသိခဲ့ကြသလောက်ပါပဲ ။ ၁၉၉၇မှာ ထွက်လာတဲ့ ဘိုဘိုရဲ့ ကြယ်ကြွေကောက်သူ စီးရီးမှာတော့ သော့လေးတစ်ချောင်းပျောက်ဆုံးသွားခြင်းဟာ လှပတဲ့ Alternative rock တစ်ပုဒ်အဖြစ် ပြန်ပါလာခဲ့တယ် ။ Iron Cross ဝိုင်းတော်သားတွေလည်း အချိန်တိုအတွင်းမှာ Rockနဲ့ Alternative ရဲ့ ကွဲပြားတဲ့အသံတွေကို သိသွားခဲ့ပြီ ထင်ပါရဲ့ ။ ၉၆ နောက်ပိုင်းကစလို့ ကမ္ဘာမှာရော ဒီက(အလင်္ကာဂျာနယ်)မှာပါ အော်လ်တာနေးတစ်အကြောင်းက ဆူညံလာခဲ့တာကြောင့်လည်း ပါမယ်ထင်ပါတယ် ။ အနောက်တောင်မုတ်သုံနဲ့ ကြယ်ကြွေကောက်သူကို ယှဉ်နားထောင်ကြည့်ရင် သိသာပါတယ် ။



The Ants ရဲ့ ရောင်စုံချော့ကလက် (၁၉၉၈) ဖန်တီးထုတ်ပိုးပုံဟာ ဆန်းသစ်ပြီး ဆွဲဆောင်မှုရှိသလို အော်လ်တာနေးတစ်ဂီတအပေါ် ပါးနပ်မှုရှိတဲ့ စီးရီးတစ်ခုလည်း ဖြစ်တယ် ။ အော်လ်တာနေးတစ်ဆိုတာ ပန့်ခ်ရဲ့ Subgenres မျိုးစိတ်ပုံစံတွေထက် အများကြီးပိုသေးတယ် ၊ အခြားပုံစံတွေလည်း အများကြီး ရှိသေးတယ် ၊ Acoustic သက်သက်နဲ့လည်း Alternative ဖြစ်စေတယ် ၊ EDM တွေ Rap တွေနဲ့လည်း ပေါင်းစပ်လို့ရတယ်ဆိုတဲ့ အော်လ်တာနေးတစ်အပေါ် ကျယ်ပြန့်စွာ နားလည်မှုမျိုး ရောင်စုံချော့ကလက်မှာ ရှိပြီးသားဖြစ်နေတာ တွေ့ရတယ် ။ တကယ်တော့ Alternative ဖြစ်ပေါ်ဖို့ Rock အပါဝင် Punk , Post Punk , New Wave ဖြတ်သန်းမှုတွေ မပါမဖြစ် လိုအပ်တယ်ဆိုပေမယ့် ဒါတွေ မရှိခဲ့တဲ့ ဒီနိုင်ငံမှာ The Ants တွေဟာ ရောင်စုံချော့ကလက်ကို အော်လ်တာနေးတစ် စီးရီးတစ်ခုအနေနဲ့ အထာကျအောင် ထုပ်ပိုးနိုင်ခဲ့တယ် ။


ရောင်စုံချောကလက် (၁၉၉၈) ထွက်ပေါ်လာချိန်ဟာ ကမ္ဘာမှာ အော်လ်တာနေးတစ်ဂီတ စင်ပေါ်ရောက်နေချိန်ဖြစ်တယ် ။ စင်ပေါ်ရောက်နေတဲ့ Alter Band တွေရဲ့ (အော်လ်တာနေးတစ် ခေါင်းစဉ်အောက်က) အမျိုးအစားတွေကို ကြည့်ရင် Gothic rock, Jangle pop, Noise pop, Indie rock, Indie pop, C86, Madchester, Industrial rock နဲ့ Shoegazing တွေ ဖြစ်တယ် ။ ဒါပေမယ့် The Ants အပေါ် လွမ်းမိုးတဲ့ Band တွေနဲ့ သီချင်းအမျိုးအစားတွေကတော့ ၉၀ခုနှစ် အစောပိုင်းတွေမှာ ကျော်ကြားခဲ့တဲ့ အော်လ်တာ သီချင်းတွေဖြစ်တယ် ။ (ငါးနှစ်လောက်တော့ နောက်ကျသေးတာပေါ့လေ) The Ants တွေအပေါ် လွမ်းမိုးမှု အရှိဆုံးက Nirvana , Oasis , Weezer, The Offspring , Blur , The Verve , Perl Jam စတဲ့ Band တွေ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆတယ် ။ Genres အားဖြင့် Grunge , Power Pop, Brit Pop ,Ska Punk နဲ့ Gothic Rock ဟန်တွေ အများဆုံးတွေ့ရတယ် ။



ဒိုးလုံး (အရိုးထိအောင်ရူး) ကတော့ တမျိုးကွဲထွက်တယ် ။ သူက အော်လ်တာတံဆိပ်တပ်ပြီးတော့သာ ထွက်လာတာ ၊ ကမ္ဘာမှာ (၉၀ခုနှစ်မှာ)သိထားတဲ့ Alternative စတိုင်တွေနဲ့တောင် သိပ်မတူချင်သလိုပဲ ။ ဒိုးလုံးဟာ ဒိုးလုံးအရသာ အပြည့်နဲ့ ရှိနေခဲ့တယ် ။ ပင်မရေစီးဂီတတွေနဲ့လည်း ကွဲထွက်နေလို့ အော်လ်တာနေးတစ်ပါပဲ ဆိုရင်တောင် ပြည်တွင်းဖြစ် စစ်စစ်လို့ ဆိုရမလိုဖြစ်နေတယ် ။ မရခိုင်ရဲ့ ဒရမ်ရိုက်ချက်တွေကလည်း အရိုးထိအောင်ရူးကို အခြားဂီတပုံစံတမျိုးဖြစ်သွားတဲ့အထိ ပံ့ပိုးနေတယ်လေ ။ သူတို့ပေါင်းစပ်မှုက ကိုင်ဇာတင်မုံတို့ ၊ အယ်လ်ဖြူ ၊ မောင်မောင်ဇော်လတ် တို့နဲ့ မတူတဲ့ အရသာတစ်ခု ဖြစ်စေတယ် ။ ဒိုးလုံးမှာ လွမ်းမိုးတာကတော့ Alter Genres တွေအပြင် အခြားဂီတပုံစံတွေပါ ပါတယ် ။ Folk ,Gospel ,Funk အငွေ့အသက်တွေနဲ့ (ဒုတိယနဲ့ တတိယစီးရီးမှာဆိုရင် )Electronic တွေပါ ပေါင်းစပ်ထားတယ် ။ Nirvana လွမ်းမိုးမှုကတော့ The Ants , ဒိုးလုံး ၊ Query သုံးဖွဲ့စလုံးမှာ မပါမဖြစ်ပေါ့ ။



Query Query အတ္တငါ (၁၉၉၈)(အစောပိုင်း ကိုင်ဇာတင်မုံ) အပေါ် လွမ်းမိုးမှု ရှိတာကတော့ Nirvana , The Smashing Punking , Ugly Kid Joe , Dinosaur Jr တို့ဖြစ်လိမ့်မယ် ။ Genres အားဖြင့် Punk , Pop Punk , Noise rock နဲ့ Grunge တို့ဖြစ်တယ် ။ ဒါက သူတို့ရဲ့ပထမဆုံး အယ်လ်ဘမ်တွေကို ကြည့်ပြီး ကျွန်တော့်တစ်ယောက်တည်းအမြင်နဲ့ သတ်မှတ်ကြည့်ခြင်း ဖြစ်တယ် ။ တကယ်တော့ အတိအကျပြောဖို့ ခဲယဉ်းပါတယ် ။ သူတို့ သုံးဖွဲ့စလုံးက ဂီတအပေါ် အတော်လေးကျယ်ပြန့်စွာ နားလည်ထားသူတွေ မဟုတ်လား ။ သူတို့အပေါ် စိုင်းခမ်းလိတ်ရဲ့ လွမ်းမိုးမှုတွေလည်း ရှိချင်ရှိနေမှာပေါ့ ။






ဒီသုံးဖွဲ့ရဲ့ အော်လ်တာနေးတစ်ကို သီဆို တီးခတ်ပုံတွေအပြင် သူတို့​ရဲ့ အာရုံခံစားမှု/စာသား အကြောင်းအရာတွေဟာလည်း စိတ်ဝင်စားစရာကောင်းတယ် ။ အနောက်တိုင်းက (၉၀ခုနှစ်) အော်လ်တာနေးတစ် စာသားအကြောင်းအရာတွေ ဖြစ်တဲ့ social issue တွေ ၊ suicide tendency ၊ Drug သုံးစွဲမှုနဲ့ ခံစားမှုတွေ ၊ ဒီပရက်ရှင် အငွေ့အသက်တွေ ၊ ပတ်ဝန်းကျင်ပြဿနာတွေ စတဲ့ အကြောင်းအရာတွေကို တိုက်ရိုက်ကြီး ထည့်သွင်းမထား (ထည့်သွင်းခွင့် မရခဲ့ရင်တောင်) သူတို့ဟာ ဒီက ၈၀ ၉၀ခုနှစ်တွေဆီက မော်ဒန်စာပေဆောင်းပါးတွေ ၊ မော်ဒန်ဝတ္တု ၊ မော်ဒန်ကဗျာ/ ခေတ်ပေါ်ကဗျာတွေ ဖတ်ရှုမှုဆီက ရတဲ့ အတွေးအခေါ် အာရုံခံစားမှုတွေနဲ့ အစားထိုးပြီး အနောက်တိုင်း အော်လ်တာနေးတစ်ရဲ့ ဝိတ်တန်းချင်းတူအောင် အမီလိုက်နိုင်ခဲ့တာလို့ ကျွန်တော်ယူဆတယ် ။



အဓိကကတော့ ဒီသုံးဖွဲ့ ၊ ဒီစီးရီးသုံးခုပါပဲ ။ ဒိုးလုံး - အရိုးထိအောင်ရူး (၁၉၉၇) ၊ The Ants ရောင်စုံချောကလက် (၁၉၉၈) ၊ Query Query အတ္တငါ (၁၉၉၈) ။ ဒီနိုင်ငံမှာ mainstream rock ကနေ သိသိသာသာကွဲထွက်သွားစေတဲ့ အသံတွေ အာရုံတွေကို အစပြုသူတွေပါ ။ ဒီ ၉၀ခုနှစ် နှောင်းပိုင်း ကာလတွေမှာတော့ အော်လ်တာနေးတစ် စီးရီးတွေ ၊ အော်လ်တာနေးတစ် စတိုင် သီချင်းတစ်ပုဒ်ထက်မက ပါတဲ့ စီးရီးတွေ ဆက်တိုက်ထွက်လာခဲ့တယ် ။ မျိုးမျိုး (ghost rider) - Zora (၁၉၉၈) ၊ Okra - မိမိကိုယ်ကို မွမ်းမံခြင်း (၁၉၉၈) ၊ သန်းဝင်းထူး- မျက်ရည်နဲ့ဖြစ်တဲ့ရွှေ (၁၉၉၈) ၊ ကောင်းဇုံ - ဗလာမဲ့ဘဝ (၁၉၉၉) ၊ အယ်ရန်း - လရောင်ဆီသို့ လွမ်းဆွတ်ခြင်း (၁၉၉၉) သစ်ထူး - ဘာရယ်မဟုတ် ၊ ကျော်ဟိန်း သူသူ ခင်ခ နေဝင်း - အသစ် (၁၉၉၉) ၊တူးတူးဝမ်း - အဝင်အထွက် (၂၀၀၀) ၊ အဲလက်စ် - စိတ်ကူးသက်သက်များ (၂၀၀၁) Big Bag အားလုံးအတွက် ပန့်ခ် (၂၀၀၁) စသဖြင့် ။


စီးရီးတိုင်း အဆိုတော်တိုင်းမှာ အော်လ်တာစတိုင်လေးတော့ တစ်ပုဒ်နှစ်ပုဒ် ထည့်ထားပါတယ် ဆိုတာမျိုး ဖြစ်လာခဲ့ပြီ ။ ၂၀၀၀ခုနှစ် အစပိုင်းမှာတင် အော်လ်တာနေးတစ်ဟာ မြန်မာဂီတပရိသတ်တွေရဲ့ နားနဲ့ ယဉ်ပါးလာခဲ့ပြီပေါ့ ။ ဒီမှာ အော်လ်တာတစ်ခေတ် ရောက်လာချိန်မှာ ကမ္ဘာမှာ အော်လ်တာနေးတစ်ရော့ခ်ဟာ မှေးမှိန်သွားခဲ့ပါပြီ ။ အော်လ်တာနေးတစ်ရော့ခ်ရဲ့ မျိုးဆက်တွေဖြစ်တဲ့ Post Grunge , Post Punk revival, EMO, Alternative Metal , Rap Metal တွေက ကြီးစိုးလို့ နေခဲ့ပြီလေ ။