2000 Music Essay (Part-3)

October 14, 2025

2000 Music Essay (Part-3)

၂၀၀၀ခုနှစ်တွေရဲ့ အနောက်ကမ္ဘာဂီတ


ပြည်တွင်းဂီတကို ရှေ့မဆက်ခင် (၂၀၀၀ခုနှစ်တွေရဲ့) ကမ္ဘာ့ဂီတ(တကယ်တော့ အနောက်ကမ္ဘာဂီတ)ကို အရင် ပြန်ကြည့်ရအောင်ပါ ။ ၉၀ခုနှစ်တွေရဲ့အလယ်ပိုင်းက စလို့ အရှိန်ရခဲ့တဲ့ Backstreet Boy တို့ NSYNC တို့လို Boy Band တွေ ဘရက်တနီစပီးယားတို့လို ဆယ်ကျော်သက်ပေါ့ပ်တွေရယ် ၊ မိုက်ကယ်ဂျက်ဆင်နဲ့ မက်ဒေါနားရဲ့ Pop ဟန်တွေကို အဆင့်မြင့်ထားတဲ့ (ဥပမာ) Usher ၊ ဘီယွန်းစေး ၊ ရီဟားနား တို့ရဲ့ Contemporary R&B တွေရယ် Billboard တွေမှာ ကြီးစိုးနေချိန်ဖြစ်တယ် ။ Electro ဂီတ (House , Trance , Chillout ) နဲ့ ကျွန်တော်တို့ဆီမှာ သင်္ကြန်ဆို ဖွင့်တဲ့ Eurodance တွေလည်း စင်ပေါ်ရောက်လာတယ် ။



ဒါပေမယ့် ဒီအက်ဆေးမှာ ကျွန်တော်အဓိက ပြောချင်တာက (ကမ္ဘာနဲ့ မြန်မာရဲ့) ရော့ခ်ဂီတအရွေ့ (ကောက်ကြောင်း)တွေသာ ဖြစ်တာမို့ (၂၀၀၀ခုနှစ်) ရော့ခ်ဂီတရဲ့ အရွေ့ကိုပဲ အဓိကထား ပြောသွားမှာ ဖြစ်ပါတယ် ။ ရော့ခ်ရေစီးဆိုပေမယ့် Hip Hop အကြောင်းကတော့ မပါမဖြစ် ပါလာရမှာပါပဲ ။ ၂၀၀၀ခုနှစ်တွေမှာ ကျွန်တော်တို့ဆီမှာ ဟစ်ဟော့ပ်နဲ့ ရော့ခ် ၊ ဟစ်ဟော့ပ်နဲ့ ပန့်ခ်ဟာ ယူနီဗာ့စ်တစ်ခုစီလို စီးဆင်းနေခဲ့ပြီး သီချင်းတွေထဲမှာရော အပြင်မှာပါ Battle တွေရှိခဲ့ပေမယ့် ကမ္ဘာမှာက ပေါင်းစပ်ပြီးသွားခဲ့လို့ ကလေးတွေတောင် အတော်ကြီးပြင်းနေခဲ့ကြပါပြီ ။



နောက်တစ်ခုက ကျွန်တော်ပြောနေတဲ့ Rock/Metal အရွေ့ဆိုတာ အနောက်တိုင်းဆီက ဂီတတွေအပေါ်မှာသာ နောက်ခံထားတာဖြစ်တယ် ။ ဆိုလိုတာက အာရှ ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတွေဆီက ရော့ခ်ဂီတတွေကို နောက်ခံထားတာ မဟုတ်သလို ကျွန်တော့်အနေနဲ့လည်း ဒီကနေ့အထိ အဲဒီ အနောက်တိုင်းပြင်ပက ရော့ခ်ဂီတတွေအကြောင်း ကောင်းကောင်းမသိလို့ပါပဲ ။ အနောက်တိုင်းရော့ခ်အပြင် ကျွန်တော် စိတ်ဝင်စားတာကတော့ ဂျပန်တွေဆီက ရော့ခ်ပါပဲ ။ ကျွန်တော်သိသလောက်ကလည်း ရော့ခ်ဂီတဆိုတာ အနောက်ကမ္ဘာက ဆင်းသက်လာတာသာ ဖြစ်လို့ ကျန်တဲ့အရပ်တွေဆီကို အာရုံမရောက်ခဲ့တာလည်း ဖြစ်တယ် ။ အော်လ်တာနေးတစ်ဂီတ ဖြစ်လာဖို့ အမေရိကား ၊ လက်တင်အပြင် ဗြိတိန် ၊ ဂျာမန် စတဲ့ ဥရောပဖက်က ဂီတစမ်းသပ်မှုတွေ အရေးပါခဲ့သလို ၊ Metal ဂီတမှာ ဆွီဒင် ၊ နော်ေ၀ ဖက်တွေဆီက သီးခြားပေါ်ပေါက်လာတာတွေ ရှိသလိုမျိုးပေါ့ ။ အာရှနဲ့ အာဖရိကဖက်တွေကနေ ရော့ခ်အပေါ် သက်ရောက်ပုံတွေရှိရင်လည်း သိချင်မိပါရဲ့ ။



၂၀၀၀ခုနှစ် လွန်လာပြီးတဲ့ နောက်မှာတော့ ရော့ခ်ဂီတဟာ အခြား Genres တွေ အများအပြားနဲ့ ပေါင်းစပ်မိခဲ့ပြီး ဖြစ်တယ်။ ၇၀ ခုနှစ်က ပင်မ ရော့ခ်နဲ့ မယ်လ်တယ် မြစ်ကြီးနှစ်စင်း ၊ ၈၀ခုနှစ်တွေထဲက ပန့်ခ် ၊ ၉၀ခုနှစ်အစောပိုင်းတွေမှာ အော်လ်တာနေးတစ် (Grunge, Post-Punk, New Wave တွေ) အပါအဝင် ၊ အီလက်ထရိုးနစ်ဂီတ အနွယ်ဝင် EDM ( အီလက်ထရိုဂီတ) ၊ IDM နဲ့ Industrial ဂီတတွေပါ ပေါင်းစပ်ခဲ့ပြီ ဖြစ်တယ် ။




#IDM


အရေးကြီးတဲ့ IDM ဂီတအကြောင်းလေး အကြမ်းဖျင်းပြောပရစေ ၊ IDM (Intelligent dance music) ဟာ EDMရဲ့ ကိုင်းခွဲအမျိုးအစားတစ်ခု ဖြစ်ပေမယ့် Dance ဖို့ထက် အီလက်ထရိုကို (instruments မပါပဲ ကွန်ပျူတာ ၊ ဆော့ဖ်ဝဲ ၊ ကီးဘုတ်တွေနဲ့ ) ဂီတတစ်ခုအဖြစ် တီးခပ်ထားတဲ့ အမျိုးအစားဖြစ်တယ် ။ သူ့ချည်းသက်သက်ဆိုရင်တော့ video game ထဲက တီးလုံးတွေလိုပါပဲ ။ Avant-garde ဂီတသမားတွေ Progressive ဂီတသမားတွေ အတွက်တော့ အသုံးချဖို့ သိပ်ကောင်းတဲ့ အသံဖန်တီးမှုတွေ ဖြစ်တယ် ။ Radio Head နဲ့ Bjork တို့လို Art Pop , Art Rock နဲ့ Electronic သမားတွေရဲ့ သီချင်းတွေမှာ IDM ကို ကောင်းကောင်းအသုံးပြုထားတာ တွေ့ရနိုင်သလို Hip Hop , New Age, Ambient ဂီတတွေမှာလည်း IDM ကို ထည့်သုံးပြီး သူတို့ဂီတကို ဆန်းသစ်လှပသွားစေတာ တွေ့ရလိမ့်မယ် ။



ဒီလိုပေါင်းစပ်မှုတွေကြောင့်ရယ် ၊ မူလနဲ့မတူတဲ့ (ခေတ်ပြိုင် ၊ ပြန်လည်အသက်သွင်းမှု ၊ နှောင်း ၊ အလွန် ၊ အခြားဖြစ်မှု) ပုံစံတွေကြောင့်ရယ် ဂီတအမျိုးအစားတွေမှာ “Contemporary" "Nu", "Revival", "Alternative" "Post" ဆိုတဲ့ အသုံးတွေနဲ့ တွဲသုံးလာတာ တွေ့ရလိမ့်မယ် ။ ဥပမာ Contemporary RnB, Nu-Metal , Nu-Disco, Post punk revival , Alternative Hip Hop, Alternative Metal , Alternative Counrty နဲ့ Post Grunge , Post Hardcore စသဖြင့်ပေါ့ ။



၂၀၀၀ခုနှစ်တွေမှာ ကြီးစိုးခဲ့တဲ့ ရော့ခ်ဂီတအမျိုးအစားသစ်တွေကတော့ Alternative rock, Post-grunge, Post-Britpop, Nu Metal, Pop Punk, EMO, Post-hardcore, Metalcore နဲ့ indie rock တွေ ဖြစ်တယ် ။


၂၀၀၀ခုနှစ် အစောပိုင်းမှာလည်း ခေတ်ဟောင်း Rocker ကြီးတွေဖြစ်တဲ့ ဘွန်ဂျိုဗီ ၊ အေရိုးစမစ် ၊ အေစီဒီစီ နဲ့ G n R တို့ရဲ့ အယ်လ်ဘမ်အသစ်တွေ ရောင်းအားကောင်းတုန်းဖြစ်ပေမယ့် လူငယ်မျိုးဆက်ကတော့ အသစ်ရိုက်ခတ်လာတဲ့ ရော့ခ်လှိုင်းလုံးကြီးတွေနဲ့အတူ စီးမျှောနေခဲ့ပြီ ။



#Post britpop နဲ့ Indie rock


Post Britpop နဲ့ Indie rock တွေကို တောက်ပစေခဲ့တာကတော့ Coldplay, Radiohead, Björk,The Libertines, Oasis, Travis, Blur, The Hives, Dido စသူတို့ရဲ့ အောင်မြင်မှုတွေကြောင့် အများကြီးပါတယ် ။ သူတို့ဟာ ၈၀ ၉၀ခုနှစ်တွေကတည်းက အောင်မြင်ခဲ့တဲ့ ဂီတသမားတွေ ဖြစ်ပေမယ့် ၂၀၀၀ခုနှစ်တွေမှာတော့ ယခင် သူတို့ သီချင်းတွေနဲ့တောင် မတူတော့တဲ့ သီချင်းတွေကို ဖန်တီးပြုလုပ်ခဲ့ကြတာ ဖြစ်တယ် ။ ဥပမာ Radio Head ဆိုရင် Kid A အယ်လ်ဘမ်မှာ Instrumental Band ကို ခနခေါက်ထားပြီး ၊ ဂစ်တာကို ဘေးချ ၊ ကွန်ပျူတာနဲ့ Synthesizers ကို အားကိုးလို့ IDM အသံပြုလုပ်ချက်တွေနဲ့ အသားပေး ဖန်တီးထားတာတွေ့နိုင်တယ် ။



Pop Punk


Pop Punk တွေရယ်လို့ တစ်ခေတ်ဖြစ်စေခဲ့တာကတော့ Blink-182, Avril Lavigne, Sum 41, New Found Glory, Good Charlotte, စသူတို့ ဖြစ်လိမ့်မယ် ။ သူတို့ Punk တွေက မူလ ပန့်ခ်အရှင်သခင်တွေဖြစ်တဲ့ Iggy Pop တို့ Sex Pistol တို့နဲ့ အဝေးကြီးဖြစ်သွားသလို ၈၀ခုနှစ်တွေက suicidal tendencies တို့ရဲ့ Hardcore Punk တွေ ၉၀ခုနှစ်တွေထဲက The Offspring တို့ရဲ့ Skate Punk တွေနဲ့လည်း မတူပြန်ဘူး ။ ကျွန်တော် တက္ကသိုလ်တက်နေချိန် ၊ ဗီစီဒီဆိုင်က တစ်ချပ် ၂၀၀ဖိုးနဲ့ ဝယ်လာတဲ့ Blink-182 ဗီစီဒီကို ဖွင့်လိုက်တော့ အဲဒီအဖွဲ့ထဲက ကောင်တွေ ကိုယ်တုံးလုံးနဲ့ လမ်းပေါ်မှာ ပြေးနေတာ တွေ့လိုက်တယ် ။ အဲဒီ Pop Punk ထဲက ကောင်တွေက အမြဲတမ်း စောက်ခွက်ပြောင်နေတယ် ၊ အဲဒီတုန်းက စီးပွားရေးအရ အောင်မြင်နေတဲ့ Boy Band တွေထဲက စော်ကြည်ဘဲတွေကို လှောင်ပြောင်တယ် ။ သူတို့ Mtv တွေထဲမှာ Shock humour , Toilet humour ဆိုတဲ့ အန္တရာယ်ရှိတဲ့ စတန့်တွေ ၊ မဆင်မခြင် ကစားနည်းတွေ ၊ အလွန်အကျွံ လှောင်ပြောင်မှုတွေ လုပ်ပြလေ့ရှိတယ် ။ ဒါပေမယ့် အဲဒီကောင်တွေက ဓာတ်ပြားရောင်းအား ပလယ်တီနမ်တွေ ချိပ်တယ် ၊ ဂရမ်မီဆုတွေ ရတယ် ။



#Alternativerock ,Post-grunge


Alternative rock, Post-grunge တွေကို ကျယ်လောင်စေခဲ့တာကတော့ Foo Fighters, Creed, Alter Bridge, Nickelback, Staind, Lifehouse, Seether, Incubus, Hoobastank, 3 Doors Down, Puddle of Mudd, Our Lady Peace, Switchfoot, Shinedown, Three Days Grace တို့ ဖြစ်တယ် ။ ၉၀ခုနှစ် အစောပိုင်းတွေမှာ Grunge အိမ်ရှေ့မင်းသား ကတ်ကိုဘိန်းရဲ့ ဝိုင်း Nirvana ရဲ့ ဖန်တီးမှုတွေဟာ Grunge / Alternative rock နဲ့ Punk ဂီတတွေ ပိုတောက်ပလာစေဖို့ တွန်းအားဖြစ်စေခဲ့သလို ၊ ၁၉၉၄မှာ ကတ် သူ့ဘဝသူ ရုပ်သိမ်းပြီးသွားတဲ့နောက် ကျန်ခဲ့တဲ့ Nirvana ဟာ Foo Fighters ဖြစ်လာပြီး ၂၀၀၀ခုနှစ်အစောပိုင်း Post Grunge လောကမှာ ဆရာတဆူအဖြစ် ဦးဆောင်နေပြန်ရဲ့ ။ Grunge ဟာ အချောမကိုင်ရသေးတဲ့ နံရံတစ်ချပ်ဆို Post Grungeဟာ အချောကိုင် ဆေးသုပ်ပြီးသား နံရံတစ်ချပ်လို့ ဆိုနိုင်တယ် ။ ၈၀ခုနှစ်တွေရဲ့ Punk နဲ့ Rock ရဲ့ ပေါင်းစပ်မှုကနေ မွေးဖွားလာပြီး ၉၀ခုနှစ်မှာ စင်ပေါ်ရောက်လာတဲ့ Grunge ဟာ ( ၉၀ခုနှစ်တွေရဲ့ အလယ်ကစလို့ ) Jangle Pop, Pop Punk, Ska Revival, Alternative Metal နဲ့ Classic Rock တွေဆီက မျိုးဗီဇ အနည်းငယ်စီ ပေါင်းစပ်ယူပြီး Post Grunge အဖြစ် သူ့မျိုးဆက်သစ်ကို မွေးဖွားခဲ့ခြင်း ဖြစ်တယ် ။



Nu Metal


Nu Metal ဟာ ၂၀၀၀ခုနှစ်ရောက်ကာမှ စင်ပေါ်ရောက်လာတယ်ဆိုပေမယ့် Korn တို့ Limp Bizkit တို့ Slipknot တို့ က ၉၀ခုနှစ် အစောပိုင်းတွေကတည်းက အစပျိုးခဲ့ပြီးသား ဖြစ်တယ် ။ Rage Against the Machine , Deftones, Incubus နဲ့ Coal Chamber တို့ရဲ့ သီချင်းတွေအပါအဝင်ပေါ့ ။ သူတို့က Nu Metal ရဲ့ မွန်းစတားကြီးတွေပဲ ။ ၂၀၀၀ခုနှစ် အစောပိုင်းမှာတော့ Linkin Park, System of a Down, P.O.D, Staind, Papa Roach, Disturbed, Evanescence တို့က Nu Metal ရဲ့ (ပရိသတ်များတဲ့)ရော့ခ်စတားတွေ ဖြစ်လာတယ် ။ ကျွန်တော်ကတော့ အဲဒီကာလရဲ့ Nu Metal ဂီတရဲ့ ပုံရိပ်ကောင်းတွေအဖြစ် Drowing Pool , Mudvane တို့ကိုပါ ထည့်သွင်းချင်တယ် ။ Nu Metal ဆိုတာလည်း ကျယ်ပြန့်တဲ့ ခေါင်းစဉ်တစ်ခုပါပဲ ။ Limp Bizkit တို့ POD တို့က Hip Hop နဲ့ ပေါင်းစပ်တယ် ၊ Staind တို့ကျတော့ Post Grunge ကနေလာတယ် ၊ Slipknot, Disturbed , Drowing Pool တို့ကျတော့ Metal ရဲ့သွေးသားပိုများတယ် ။ Linkin Park နဲ့ Papa Roach တို့ကျတော့ Alternative Rock ဖက်ပိုရောက်တယ် ။ System of a Down တို့ကတော့ အဲဒီကာလမှာ ရှားရှားပါးပါး ဂျွတ်စ်ရတဲ့ ဘဲတွေပါပဲ ။ ရှေ့က ရှိသမျှဂီတ Genres တွေအကုန် Fusion လုပ်ပြီး Nu Metal ရဲ့ခေါင်းစဉ်အောက်မှာလည်း သူတို့က မိန့်မိန့်ကြီးနဲ့ ရှိနေနိုင်တာပါပဲ ။



#Emo , #Screamo


2000ခုနှစ်အစောပိုင်းက စလို့ တောက်ပလာတဲ့ ဂီတအမျိုးအစားတစ်ခုကတော့ Emo ဖြစ်တယ် ။ ၉၀ခုနှစ်တွေတုန်းကတော့ သူက မြေအောက်ဂီတအနေနဲ့ ရှိနေခဲ့တယ် ။ Post-hardcore နဲ့ hardcore punk ကနေ မြစ်ဖျားခံပြီး Alternative Rock,Pop Punk နဲ့ Indie Rock တွေရဲ့ ရေစီးနဲ့ ဆက်နွယ်စီးဆင်းရာကနေ ဖြစ်ပေါ်လာတဲ့ Genres တစ်ခုဖြစ်တယ် ။ ကျွန်တော် စနားထောင်ဖူးတာကတော့ The Used(၂၀၀၂) ဖြစ်တယ် ။ Nu Metal တွေနဲ့လည်း မတူ Alternative Rock တွေနဲ့လည်း မတူ ၊ Grunge တွေ Punk တွေနဲ့ဆင်သလိုလိုနဲ့ ကွဲပြားနေပြန်တယ် ။ The Used , Jimmy Eat World နဲ့ Fall out Boy သီချင်းတွေကို EMO မှန်း ဘာမှန်းမသိပဲ နားထောင်ခဲ့တာပါပဲ ။ ၂၀၀၄လောက်မှာ My Chemical Romance ရဲ့ Mtv တွေကြည့်ရတော့မှ Emo ဆိုတာကိုရော သူတို့ရဲ့ တမူကွဲပြားတဲ့ ဖက်ရှင်နဲ့အသံတွေကိုပါ သိလာရတော့တာ ။ မျက်ကွင်းတွေကို အနက်ရောင်ခြယ် ၊ ခပ်ကြပ်ကြပ် အနက်ရောင်အဝတ်စားတွေဝတ် ၊ နာကျဉ်းမှု နားမလည်နိုင်မှုတွေအပြည့်နဲ့ vocal fry တွေ အော်ဟစ်နေပုံတွေပေါ့ ။ Sunny Day Real Estate , Hawthorne Heights, The Promise Ring, Paramore စတဲ့ ၂၀၀၀ခုနှစ်ရဲ့ အီမိုဆရာကောင်တွေကိုတော့ ကျွန်တော် ၂၀၀၀ခုနှစ်ကုန်ခါနီးလောက်မှ သိခဲ့တာ ။ အမှန်အတိုင်းပြောရရင် Emo က ကျွန်တော့်အပေါ် Nu Metal , Post Grunge နဲ့ Alternative Rock တွေလောက် ဆွဲဆောင်မှု မရှိခဲ့တာလည်း ပါတယ် ။




Hip Hop


ဟစ်ဟော့ပ်ရဲ့ ရွှေခေတ်ကို တချို့က Tupac , Wu-Tang တို့အပြင် Snoop တို့ Ice cube တို့ Jay-Z တို့လို Legendary တွေ ရှိခဲ့ရာ ၉၀ခုနှစ်အစောပိုင်းတွေလို့ ပြောကြပြီး တချို့က ၂၀၀၀ခုနှစ်တွေထဲမှာလို့ ဆိုကြပြန်တယ် ။ ၂၀၀၀ခုနှစ်တွေ Eminem, Jay-Z, Lil Wayne, 50 Cent, Kanye West တို့ရဲ့ အယ်လ်ဘမ်တွေ အကြီးအကျယ် အောင်မြင်ခဲ့ပြီး သူတို့ဟာ ဟစ်ဟော့ပ်ရဲ့ အိုင်ကွန်တွေလို ဖြစ်စေခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ် ။



ဒါ့အပြင် ၂၀၀၀ခုနှစ်တွေထဲမှာ Nelly, Outkast, Black Eyed Peas, T.I.,Common, Nas, Busta Rhymes, Puff Daddy, Snoop Dogg, Missy Elliott, M.I.A., Lil' Kim, Gorillaz, Jeezy, , Timbaland, The Game,, စတဲ့ Hip Hopper တွေရဲ့ အယ်လ်ဘမ်တွေလည်း ဘီလ်ဘုတ်တွေမှာ နေရာယူခဲ့တာပါပဲ ။ ဒေါ်လာဆိုင်းတွေနဲ့ ရွှေဆွဲကြိုးကြီးတွေ ၊ တဖိတ်ဖိတ် တလက်လက် လက်ပတ်နာရီတွေ ၊ အဝတ်အစားတွေ ၊Lowriders ကားကြီးတွေ ခေါင်းတလှုပ်လှုပ်နဲ့ MC တွေ စတိုင်ထွားကြတဲ့ ၂၀၀၀ခုနှစ် အစောပိုင်းကို Hip Hop ရဲ့ Bling-bling Era ( လက်လက်ထ နှစ်ကာလများပေါ့ )လို့လည်း ခေါ်ဆိုခဲ့ကြတယ် ။



ဒါပေမယ့် ၂၀၀၀ခုနှစ်မှာ ကျွန်တော်သိတဲ့ Rap လောကသားတွေကတော့ ၉၀ခုနှစ်က DMX, Ice Cube, Coolio, Wu-Tang Clan , Tupac , Public Enemy, Dr Dre, Snoop Dogg , Eminem နဲ့ Jay Z တို့သာ ။ ဒါတောင် Jay Z ကို linkin Park နဲ့အတူ Collision Course အယ်လ်ဘမ်ထွက်လာလို့ သိတာ ။ ၂၀၁၀လောက်အထိ နိုင်ငံခြား ဟစ်ဟော့ပ်တွေကို ကျွန်တော် ဝယ်နားထောင်ခဲ့တာဆိုလို့ Eminem ရဲ့ marshall mathers တစ်ခွေပဲ ရှိခဲ့တာလေ ။ 



ဘာသာစကားအခက်အခဲကြောင့်မို့ ဟစ်ဟော့ပ်နဲ့ ကျွန်တော် သိပ်မနီးစပ်တာလား မသိပါဘူး ။ ၂၀၀၀ခုနှစ်ထဲက ပြည်တွင်းဟစ်ဟော့ပ်တွေဆိုရင် ကျွန်တော် (ရော့ခ်တွေ အကုန် ခဏနားထားပြီး ) နားထောင်ဖြစ်ခဲ့တယ်လေ ။ ဒါဖြင့် ကျန် ပြည်ပ Hip Hopper တွေ MC တွေကို ဘယ်က သိသလဲ ဆိုတော့ ရုပ်ရှင်တွေ Soundtrack တွေကတဆင့် သိတာ ။ သူတို့က သရုပ်ဆောင်လည်း လုပ်ကြလေ့ ရှိတာကိုး ။ ပြီးတော့ သူတို့ပါတဲ့ ဇာတ်ကားတွေမှာ သူတို့ သီချင်းတွေလည်း ပါလေ့ရှိတယ်လေ ။


Coolio ရဲ့ Gangsta's Paradise ကိုတော့ Grammy awards winner ၁၉၉၆ အခွေမှာ ပါလာခဲ့လို့ နားထောင်ခဲ့ဖူးပြီး “ဟစ်ဟော့ပ်”ကို မကြားဖူးခင်ကတည်းက ဒီသီချင်းကို သိပ်ကြိုက်နေမိခဲ့တယ် ။ ၂၀၀၀ အစောပိုင်းမှာ ကျွန်တော်သိတဲ့ ဟစ်ဟော့ပ်ဆိုတာ ၉၀ခုနှစ်တွေမှာ ကြီးစိုးခဲ့တဲ့ Old school , Gangsta rap , Hyphy စတဲ့ Hip Hop အမျိုးအစားတွေ ဖြစ်လိမ့်မယ် ။ တကယ်တော့ ၂၀၀၀ခုနှစ်ထဲရောက်ချိန်မှာ ဟစ်ဟော့ပ်လောကမှာ ကြီးစိုးနေတာက Crunk ၊ G funk စတဲ့ အမျိုးအစားတွေ ဖြစ်တယ် ။