October 23, 2025
Alternative rock, Post-grunge
မော်ဒန်ရော့ခ် ရေစီးရှိတယ် ၊ မော်ဒန်ရော့ခ်သီချင်းဆိုတာ မရှိဘူး
Musicplug (Here is the Difference)
၂၀၀၂ကနေ ၂၀၀၆ကြား နှစ်တွေ ။ ကျွန်တော် ထားဝယ်မှာ ကျောင်းသွားတက်လိုက် ၊ မြိတ်က ရုပ်ရှင်ရုံမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်လိုက်နဲ့ အချိန်တွေပေါ့ ။ (အခုတော့ ဥပဒေဘွဲ့လည်း ဗီဒီယိုတိတ်ခွေ ကူးတဲ့အတတ်ပညာလိုပဲ ဘာမှ အသုံးမတည့်တော့ ) ။ ရန်ကုန်ရောက်တိုင်း ကျွန်တော် မဖြစ်မနေသွားတာ ၂၁လမ်းထောင့်နဲ့ လသာလမ်းက Musicplug ကက်ဆက်ခွေဆိုင်ပါပဲ ။ ရန်ကုန် တကြိမ်ရောက်တိုင်း ကိုယ့်ပါလာသမျှ ပိုက်ဆံထဲကနေ ကျွန်တော် ဂျွန်ဒါနို ဦးထုပ်တစ်လုံး ဝယ်မယ် ၊ ကက်ဆက်ခွေတွေ အကုန်ဝယ်ပစ်မယ် ၊ ဒါပဲ ။ Musicplug (Here is the Difference) တဲ့ အခွေကာဗာတွေမှာ လိုဂိုသေးသေးလေး ရေးထားသေးတယ် ။ မြူးဇစ်ပလပ်က နိုင်ငံခြားသီချင်းခွေတွေ အဓိက ရောင်းတာဖြစ်ပြီး ၊ ကာဗာတွေမှာ သီချင်းအမျိုးအစားလေးတွေ ရေးပေးထားတယ် ။ ၂၀၀၂လောက်မှာ ဘာတွေ အတွေ့ရများလာသလဲဆိုတော့ ၊ Alternative Rock / Modern Rock ပေါ့ ။ အလင်္ကာဂီတ ဂျာနယ်မှာလည်း မော်ဒန်ရော့ခ် မော်ဒန်ရော့ခ် ဆိုတဲ့ ရေးသားပြောဆိုမှုတွေ များလာနေပြီ ။ တကယ်လည်း ၂၀၀၀ခုနှစ် ဆယ်စုနှစ်တစ်ခုလုံးမှာ ကျွန်တော် အဓိက သိခဲ့တာ ဒီနှစ်ခုပဲ ။
တကယ်တော့ ဒီနေ့ ဂီတရေစီးကို ပြန်လိုက်ကြည့်တော့မှ Modern Rock ဆိုတာ Genre တစ်ခုအနေနဲ့ ရှိမှ မရှိခဲ့ပဲ ။ မော်ဒန်ဖြစ်တဲ့ ရော့ခ်ဆိုပြီး မော်ဒန်ရော့ခ်လို့ ခြုံငုံခေါ်ဆိုခဲ့ကြတဲ့ သဘောပဲ ။ အဲဒီတုန်းက မော်ဒန်ရော့ခ်ဆိုပြီး နားထောင်ခဲ့သမျှ သီချင်းတွေရဲ့ အများစုဟာ Post –Grunge တွေ ဖြစ်နေတာ ။ Foo Fighters, Creed, 3 Doors Down, Three Days Grace, Nickelback , Puddle of Mudd , The Calling စသဖြင့်ပေါ့ ။ Nirvana , Peal Jam တို့ ခေတ်က (၉၀ခုနှစ်)Grunge တွေရဲ့ အကောင်းဆုံးအပိုင်းတွေနဲ့ Hard Rock နဲ့ Heavy Metal တွေရဲ့ အကောင်းဆုံးအပိုင်းတွေကို ပေါင်းစပ်ထားတာပေါ့ ။ Post –Grunge ကို Alternative Rock ရဲ့ခေါင်းစဉ်အောက် ထည့်ပြီး A-R လို့လည်း ခေါ်ဆိုနိုင်ပေမယ့် A-R ကျပြန်တော့ P-G ထက် အများကြီး ကျယ်ပြန့်နေပြန်ရော ။
Alternative Metal
Linkin Park ရဲ့ In The End တို့ Somewhere I Belong တို့ Rage Against The Machine ရဲ့ Bulls On Parade တို့လို Rap Metal , Nu Metal အဖြစ်ပါ အကျုံးဝင်တဲ့ A-R တွေ ရှိသလို ၊ Breaking Benjamin, Pa Pa Roach, POD တို့လို rap rock လည်းဖြစ် Alternative Metal လည်းဖြစ်တာတွေ ရှိမယ် ။ အော်လ်တာ မယ်လ်တယ် နဲ့ အော်လ်တာရော့ခ်နဲ့က ဆင်သယောင်နဲ့ ကွဲပြားသေးတယ် ။ မယ်လ်တယ်ကို ရော့ခ်ခေါင်းစဉ်အောက် ထည့်ထားလည်းရပေမယ့် Seether တို့ Staind တို့ Disturbed တို့ကျ Alternative Metal ဆိုရင် ပိုမှန်လိမ့်မယ် ။
Nirvana ရဲ့ ရှည်လျားတဲ့ လက်တံ
Post Grunge မဟုတ်ပဲ (၉၀ခုနှစ်)Alternative ဖက် ပိုရောက်တဲ့ Grunge သီချင်းတချို့နဲ့ Pop Punk တချို့တွေဟာလည်း Alternative Rock ဖြစ်နေတာတွေ ရှိတယ် ။ ဥပမာ Nirvana ရဲ့ You Know you’re right ၊ Blink 182 ရဲ့ All the small thing (Big Bag ကော်ပီ “ပြောမှဖြစ်မယ်”) ၊ Green Day ရဲ့ Minority စတဲ့သီချင်းတွေဟာ Alternative Rock ဖက်ကိုလည်း (ခေတ်လွန်ပြီး)ရောက်နေကြတယ် ။
A-R နဲ့ Indie
Alternative Rock ရဲ့ ခေါင်းစဉ်အောက် ရောက်နေနိုင်သေးတဲ့ တခြားအမျိုးအစားတွေလည်း ရှိသေးတယ် ။ ဥပမာ The Killers , The White Stripes ။ Indie Rock လည်းဖြစ် Post Punk လည်းဖြစ်ရင်း A-R လည်း ဖြစ်နေတယ် ။ Queen of the stone age လိုမျိုး stoner rock ဖြစ်ပြီး A-R ဖြစ်တာလည်း ရှိ ၊ Gorillaz လို hip hopနဲ့ Funk Rock ပေါင်းစပ်ထားပြီး ဖြစ်တာလည်းရှိ ၊ My chemical Romance ရဲ့ (ဥပမာ) The Black Parade သီချင်းလိုမျိုး Emo အသွင်နဲ့ A-R ဖြစ်နေတာလည်း ရှိတယ် ။ ၂၀၀၀ခုနှစ် နောက်ပိုင်းကျမှ Indie သမားကလည်း Indie ၊ အီမိုသမားကလည်း အီမို ၊ အဲသလို သူတို့ သီချင်းတွေက သီးခြား Geners တွေ ပိုခိုင်မာလာခဲ့တာ ။
၂၀၀၀ ခုနှစ် A-R အရသာအစစ်
ဒါမှမဟုတ် ဟိုဖက်ပါ ဒီဖက်နွယ်တွေ ရှုပ်တယ် ။ Alternative Rock ရဲ့ အရသာအပြည့် ဘယ်သူတွေရဲ့ ဘယ်သီချင်းတွေမှာ ရနိုင်မလဲဆို ကျွန်တော့်အနေနဲ့တော့ 3 Doors Down ရဲ့ Kryptonite ၊ Red Hot ရဲ့ Other side ၊ Incubus ရဲ့ Drive (အငဲရဲ့ စိတ္တဇကား) ၊ Audioslave ရဲ့ Like a stone ၊ 311 ရဲ့ Beautiful Disaster ၊ Foofighter ရဲ့ Best of you ၊ 10 Years ရဲ့ Westland ပြီးတော့ Thirty Seconds to Mars ရဲ့ သီချင်းတွေကို ညွှန်းချင်ပါတယ် ။
ပြည်တွင်း A-R
ဒါဖြင့် ၂၀၀၀ခုနှစ် ကျွန်တော်တို့ဆီမှာ Alternative Rock / Post Grunge ရှိခဲ့သလား ကြည့်ရအောင် ။ ထွဏ်းထွဏ်း(Iron Cross) နေရောင်ခြည်မှာ သီချင်းဆိုမယ် (သုခမိန်လှိုင်ရေး) ဟာ Collective Soul ရဲ့ shine လေ ။ ၉၀ခုနှစ် အလယ်လောက်ကတည်းက ကော်ပီလုပ်ခဲ့တဲ့ Post Grunge တစ်ပုဒ်ပေါ့ ။ ဒါပေမယ့် ကျွန်တော်တို့ နားထဲမှာ အော်လ်တာရော့ခ်တစ်ပုဒ်အဖြစ် မကြားနိုင်ခဲ့ပါဘူး ။ အသံသစ်ဆိုတာ တုပရုံနဲ့ ပီပီသသကြားရဖို့ မဖြစ်နိုင်ဘူး မဟုတ်လား ။
လေးဖြူ - လိပ်ပြာ
ဆိုပါစို့ ကျွန်တော်တို့ မော်ဒန်ရော့ခ်လို့ သိထားတဲ့ (A-R/P-G သီချင်းတွေ အနေနဲ့) ပထမဆုံး ပြေးမြင်မိတာကတော့ လေးဖြူရဲ့ လိပ်ပြာ (၂၀၀၃)ပေါ့ ။ တကယ်တော့ အဲဒီ စီးရီးထဲက ထားခဲ့ဦး ၊ အချစ်အကြောင်း ၊ အသစ် ၊ ငြီးငွေ့ခြင်းနေ့စွဲများဟာ Alternative Rock ရော Post Grunge ရော လုံးဝဖြစ်တဲ့ သီချင်းတွေပါပဲ ။ Creed ကို နားထောင်ဖူးသူ ဆိုရင် “ထားခဲ့ဦး”ကို နားထောင်လိုက်တာနဲ့ Creed ရဲ့စတိုင်မှန်း တန်းသိလိမ့်မယ် ။
ငြီးငွေ့ခြင်းနေ့စွဲများကတော့ ကျွန်တော့်ရဲ့ နေ့စဉ်ဘဝကို ထင်ဟပ်နေတာလား ၊ ကျွန်တော်က ငြီးငွေ့ခြင်းနေ့စွဲများနဲ့ လိုက်ထင်ဟပ်အောင် နေထိုင်နေတာလား မသိတော့တဲ့အထိပဲ ။ သစ္စာနီ ၊ နေမျိုး ၊ မြင့်သန်း ၊ ဘာသာပြန်ဝတ္တုထဲက ဒေါ့တိုယက်စကီးနဲ့ ကမူးရဲ့ ဝတ္တုတွေ ဖတ်ထားတဲ့ လူငယ်တစ်ယောက်ကို ရွေးပြီး ဆွဲငင်သွားတဲ့ သံလိုက်စက်ကွင်းလို သီချင်းတွေပေါ့ ။
A-R အမှန်အကန်တစ်ပုဒ်အနေနဲ့ (အဲဒီတုန်းက ကျွန်တော့်အကြိုက်ဆုံး တစ်ပုဒ်မှန် ဖြစ်တဲ့ ) “မှန်” ကတော့ Alternative Metal ဖက် ပိုရောက်တယ် ။ ( အခု အနှစ် ၂၀ကျော်ကြာပြီးချိန်မှာတော့ ဒီခွေထဲက “လေလွင့်လူ”နဲ့ “ညနေကြယ်” ဟာ ကျွန်တော့်အတွက် ပိုပြီးရွေးချယ် ခံစားစရာတွေ ဖြစ်လာတယ် )
လိပ်ပြာဟာ သဘာဝကျစွာ မွေးဖွားလာတာမို့ လှပပြည့်စုံတယ် ။ သဘာဝကျတယ်ဆိုတာက ဒီလိုပါ ။ မောင်မောင်ဇော်လတ်နဲ့ အယ်လ်ဖြူ နှစ်ယောက်တည်းရဲ့ ကိုယ်ပိုင်သံစဉ်တွေဖြစ်တယ် ။ ၉၀ခုနှစ်တွေဆီက အော်လ်တာနေးတစ်နဲ့ ဟဲဗီးမယ်လ်တယ်ကို အသေအချာ (ရေး ၊ ဆို ၊တီး )ဖြတ်သန်းခဲ့သူတွေပီပီ ၂၀၀၀အလွန်မှာ ကမ္ဘာ့ရော့ခ်ဂီတနဲ့ သိပ်မကွာဟပဲ Alternative Rock စီးရီးတစ်ခုအဖြစ် ပေါင်းစပ်နိုင်ခဲ့ကြခြင်း ဖြစ်တယ်လို့ မြင်မိလို့ပါပဲ ။ အိမ်စာပြီးခဲ့သူတွေရဲ့ အသစ်ဖန်တီးမှုက အထာကျတယ်လို့ ဆိုချင်တာပါ ။ အလင်းရောင်တို့ အလွမ်းများတို့ရဲ့ ပရိသတ်တွေကတော့ ကြိုက်ချင်မှ ကြိုက်မယ် ။ ပြည်တွင်းက ရော့ခ်ရေစီး ရော့ခ်အသိုင်းအဝိုင်းမှာတော့ လိပ်ပြာဟာ အထင်အရှားပျံဝဲနေခဲ့တယ် ။ ရေးသူ ၊ ဆိုသူ နဲ့ တီးခတ်သူတွေရဲ့ အသက်အရွယ် အချိန်အခါ အကောင်းဆုံး အနေထားမှာ ကြုံကြိုက်ခဲ့ခြင်းလို့တောင် ဆိုချင်တယ် ။
Antibiotic ရဲ့ “မျက်နှာ”
ပြီးတော့ ကျွန်တော်တို့ရဲ့ ဆရာသမား ကိုင်ဇာတင်မုံနဲ့တကွ Antibiotic ရဲ့ “မျက်နှာ” (၂၀၀၄) ပေါ့ ။ “မျက်နှာ”က “လိပ်ပြာ”လို post Grunge တွေထက် ၉၀ခုနှစ်တွေဆီက Grunge တွေ Skate Punk ပုံစံတွေနဲ့ ကြမ်းတာ ။ Good Charlotte, Jimmy Eat World, lit တို့လို ။ ဥပမာ ဘ၀ ၊ ၂၇ လမ်းက ပြဿနာ ၊ အေးဆေးပဲ ၊ လူသား ၊ တို့ချစ်တယ် ၊ လူငယ် ၊ ဂရုမစိုက် ဆိုတဲ့ သီချင်းတွေ ။ ထူးခြားတာက (သီချင်းအားလုံး ကိုင်ဇာတင်မုံတစ်ယောက်တည်း ရေးစပ်ထားတာဖြစ်ပြီး ) ၉၀ခုနှစ် အော်လ်တာနေးတစ် (သူတို့ရဲ့ ၁၉၉၈က Query Query အတ္တငါ )ထက် အများကြီး Metal ဖက် ပိုရောက်နေခဲ့ပြီ ။ (အဲဒီ ဂစ်တာတက္ကနိအပိုင်းကို ကျွန်တော် မရှင်းပြတတ်ဘူး၊ ဒါပေမယ့် ) ကိုင်ဇာတင်မုံရဲ့ ဘေ့စ်ဂစ်တာသံဟာ Korn သီချင်းတွေထဲက အသံလိုမျိုးယူထားတယ်လို့တော့ ဆိုနိုင်တယ် ။ ပြီးတော့ ကိုင်ဇာတင်မုံရဲ့ vocal ကလည်း Marilyn Manson အသေးစားလို ဖြစ်နေတယ် ။ တသက်လုံး Arena Rock တွေ Melodic Rock တွေဆီက သီဆိုသံတွေနဲ့ ရင်ခုန်လာခဲ့တဲ့ မျိုးဆက်ဟောင်း ရော့ခ်ပရိသတ်အတွက်တော့ ကိုင်ဇာတင်မုံရဲ့ Distorted လုပ်ထားတဲ့ အသံက အိပ်မက်ဆိုးတစ်ခု ဖြစ်နေလိမ့်မယ် ။ ဒါပေမယ့် အဲဒီအချက်တွေကြောင့်ပဲ Query Query တုန်းကထက် အများကြီး ဆန်းသစ်သွားစေသလို Antibiotic ကို Alternative Rock ဖြစ်လာစေတယ်လို့ ကျွန်တော်မြင်တယ် ။
အသိသာဆုံးကတော့ “အာကာသပြတိုက်” ။ “အာကာသပြတိုက်” က PaPa Roach တို့ Alien Ant Farm တို့လိုမျိုး Alternative Metal ဖက် ပိုရောက်တယ် ။ စာသားအကြောင်းအရာအရလည်း စကြာဝဠာနဲ့ လူသားဖြစ်တည်မှုကြားက မသိနိုင်ခြင်း(Unknowing) ဆန်းပြားတဲ့ စိတ်အာရုံခံစားမှုတွေလို ဒီနိုင်ငံမှာ(ဒီကာလတုန်းက) တွေ့ရခဲတဲ့ စာသားအကြောင်းအရာမျိုး ဖြစ်တယ် ။ အာကာသပြတိုက်ဟာ Anitibiotic ရဲ့ ပုံရိပ်ကို အကောင်းဆုံးထင်ဟပ်နိုင်တဲ့ သီချင်းတစ်ပုဒ် ဖြစ်တယ် ။ “ခေတ်နောက်ကျသူ” ဆိုတဲ့ သီချင်းကတော့ Nu Metal တောင် ဖြစ်နေပြီ ။ လိပ်ပြာရော မျက်နှာရောမှာ ကျွန်တော့်အတွက် Alternative Rock အဖြစ် လက်ခံစေတဲ့ အရေးကြီးတဲ့ နောက်တစ်ချက် ရှိသေးတယ် ။ သီချင်းစာသားပိုင်းပေါ့ ။ စာသားတွေကလည်း သံစဉ်နဲ့ တသားတည်းကျတယ် ။ ခလောက်မဆန်နေသလို ဖောင်းလည်းဖောင်းပွမနေဘူး ။
"လိပ်ပြာ"ထဲက စာသားတွေက မော်ဒန်ကဗျာဆန်တယ် ၊ မော်ဒန်ဝတ္တုတိုတွေရဲ့ အငွေ့အသက်တွေ ၊ မြန်မာခေတ်ပေါ်ကဗျာဆရာတစ်ယောက်က ရေးထားသလိုမျိုး လှပသေသပ်တဲ့ အဆင်အကွက်တွေကို တွေ့ရနိုင်တယ် ။ "မျက်နှာ"ကတော့ ပြည်တွင်းက မော်ဒန်စာပေ လွမ်းမိုးမှုတွေထက် အနောက်တိုင်း Punk နဲ့ Grunge တွေရဲ့ လွမ်းမိုးမှုဆီက တိုက်ရိုက်လာတယ်လို့ ဆိုနိုင်တယ် ။ အနောက်တိုင်းက Grunge တွေ Pop Punk တွေရဲ့ စာသားအကြောင်းအရာ အချက်တချို့လိုပဲ ၊ ဆိုရှယ်နဲ့ ကီးမကိုက်တာတွေ ၊ ချစ်သူရည်းစားဆက်ဆံရေးအပေါ် လှောင်ပြောင်ရွဲ့စောင်းမှုတွေ ၊ အနောက်တိုင်းကလို နိုင်ငံရေးနဲ့ဘာသာရေး ရိုက်ခတ်မှုတွေကို ပြန်တုံ့ပြန်တာမျိုးတော့ အခြေအနေအရ တိုက်ရိုက်ပြောခွင့်မရှိလို့ မထည့်ထားတာလား ၊ အဲဒီ အကျဉ်းကျနေတဲ့ စိတ်ဖိအားတွေက အချစ်သီချင်းအသွင်နဲ့ လှည့်ထွက်လာတာလားတော့ မပြောတတ်ဘူး ။ Antibiotic သီချင်းတွေမှာ ချစ်သူရည်းစားနဲ့ပတ်သက်တာ အမြဲပါလေ့ရှိပေမယ့် မြန်မာပေါ့ပ်သီချင်းတွေထဲက အမြင်တွေနဲ့ မတူတာတော့ သေချာတယ် ။ ကိုင်ဇာတင်မုံရဲ့ ထူးခြားချက်က စိတ်ကူးယဉ်သိပ္ပံဇာတ် (Sci-fi) ဆန်တဲ့ တွေးမြင်ပုံတွေ ၊ ထည့်ရေးခြင်းပဲ ဖြစ်တယ် ။ အာကာသပြတိုက် ၊ ပလတ်စတစ်လူသား ၊ လူသား/ဂြိုဟ်သား သီချင်းတွေမှာ ။ အခြား အဖွဲ့လိုက်ခွေတွေမှာ ပါတဲ့ သီချင်းတွေမှာလည်း ထို့အတူပဲ ။
တကယ်တော့ အဲဒီကာလ (၂၀၀၀ခုနှစ် အစောပိုင်းက စလို့ ) Alternative Rock ကို လုပ်ခဲ့ကြသူတွေ အန်ဒါဂရောင်းမှာရော မိန်းစထွင်းမှာပါ အများကြီးမှ အများကြီး ရှိနေပြီ ။
90s Alter ကနေ ရွေ့လာတဲ့ Alternative Rock (ပြည်တွင်း)
၉၀ခုနှစ် Punk,Grunge,Alternative စတိုင်တွေနဲ့ A-R အသွင်ရွေ့လျားပြီး ထွက်လာခဲ့တဲ့ စီးရီးတွေ သီချင်းတွေ အများကြီးရှိခဲ့တယ် ။ Heart ဂီတည (အဖွဲ့စုံ) ၊ ဒိုးလုံး (ဒုတိယစီးရီး ၂၀၀၀) ၊ အဲလက်စ်ရဲ့ စိတ်ကူးသက်သက်များ (၂၀၀၁) ၊ Cloud 9 အပြောင်းအလဲများ (၂၀၀၂) ၊ ဒိုးလုံး (ဒုတိယစီးရီး ၂၀၀၀) ၊ ဒိုးလုံး တစ်ယောက်သော ချစ်သူ ၊ ဒိုးလုံး ညီညီတာ စောအဂ္ဂ - အဆင်ပြေမယ်ဆို ၊ မိုးထက် ကြေကွဲခန်း (၂၀၀၂) ၊ ငါးဆယ်ပေးပါ (၂၀၀၂) ၊ မှားတဲ့အခါလည်း မှားပေမပေါ့ (၂၀၀၄) ထဲက Big Bag အားလုံးကိုဖြတ်ပစ်မယ် ၊ Antiobiotic ရဲ့ နင်တကယ်ချစ်ရင် ။ 5×1 = 1.vol ထဲက အာတီချုပ်ရဲ့ အကြင်နာလေးငါ့ကိုပေး ၊ Big Bagရဲ့ တစ်နေ့တော့ ၊ Rဇာနည်ရဲ့ စိတ်လျော့လိုက် ၊ ကောင်းထိုက် - ဘာသီးလဲ ၊ လမင်း ၊ Cobra ရဲ့ နင်မချစ်လည်း ငါချစ်တယ် ။ Big Bag နဲ့ ချစ်သုဝေရဲ့ နာမည်ကြီး (၂၀၀၄) ၊ Wanted ရဲ့ ရောင်ခြည် (၂၀၀၄) ၊ လူရွှင်တော် (၂၀၀၂- ၃ ?) ထဲက အဲလက်စ်ရဲ့ လူရွှင်တော် ၊ ဒိုးလုံးရဲ့ ငါဘာလုပ်လုပ် ၊ အချစ်ဧည့်သည် ၊ မမုန်းနိုင်ဘူး ။ ဝိုင်ဝိုင်း အချစ်ငှက် (၂၀၀၃) ထဲက အမှိုက် ၊ နောက် ဝေဖြိုး ရဲ့ ငါတို့ပြောမယ့် ငါတို့အကြောင်း (၂၀၀၃) ၊ အုပ်ကြီး - နေမင်းကြီးရဲ့ အရှေ့မှာ (၂၀၀၃) ၊ ၂၀၀၀ခုနှစ် အလယ်ပိုင်းလောက်မှာတော့ ဟဲ့ကား (၂၀၀၆) ၊ လူငယ် Punk, Alter Band ဆယ်ဖွဲ့ပါတဲ့ အရူးရင့်ရင့် အိပ်မက်များ (၂၀၀၆) ၊ ဆာလာအိပ် (အဖွဲ့စုံ)၂၀၀၇ ထဲက ဆာလာအိပ် ၊ စိတ်မညစ်နဲ့ ၊ ကျန်ရစ်ကြီး ။ ၂၀၀၀ခုနှစ် နှောင်းပိုင်းနှစ်တွေမှာတော့ ပြောပါ ပြောပါ (အဖွဲ့စုံ) ၂၀၁၀ ။
90s ALTER - P-G နဲ့ A-R (ပြည်တွင်း)
The Ants , Antiibiotic , Big Bag , အဒီနို ၊ ဘွေမင်းလျန် ၊ B.P.M ခွားဆိုးတို့ရဲ့ အဆင်ပြေပါတယ် (၂၀၀၄) ၊ လင်းလင်းရဲ့ စဉ်းစားပါ(၂၀၀၈) စတဲ့ စီးရီးတွေလို (၉၀ခုနှစ် Punk,Alternative ပုံစံတွေနဲ့ရော ၊ Post Grunge ပုံစံတွေပါ ပါတဲ့) Genres အမျိုးမျိုးနဲ့ Alternative Rock ဖြစ်နေတဲ့ စီးရီးမျိုးလည်း ရှိခဲ့တယ် ။
လင်းလင်းရဲ့ စဉ်းစားပါ(၂၀၀၈)စီးရီးဟာ ၂၀၀၀ခုနှစ်တွေအတွင်း မော်ဒန်ရော့ခ်လို့ ဆိုကြတဲ့ (A-R, P-G) ရေစီးထဲ အောင်မြင်ထင်ရှားတဲ့ စီးရီးတစ်ခုဖြစ်တယ် ။ လင်းလင်းရဲ့ စာသားတွေဟာ ခေတ်ပေါ်ကဗျာဆန်တယ် ။ အကြောင်းအရာတွေက အထီးတည်းဖြစ်မှု ၊ တိတ်ဆိတ်ခြောက်သွေ့မှု ၊ အဓိပ္ပါယ်ကင်းမဲ့မှု ၊ အိပ်မက်ဆန်မှု စတာတွေ ဖြစ်တယ် ။
ဒိုးလုံးရဲ့ ဒုတိယစီးရီး (၂၀၀၀) နဲ့ တတိယ စီးရီးမှာ ၉၀ခုနှစ် အော်လ်တာစတိုင်တွေရော ၊ အော်လ်တာရော့ခ်ဖက် ရောက်တဲ့ သီချင်းတချို့ပါ ပါရှိတယ် ။ ဒိုးလုံးကတော့ သူ့အခွေတွေမှာ အော်လ်တာနေးတစ် ကိုယ်ပိုင်သံစဉ်လို့ တံဆိပ်ကပ်လေ့ရှိပေမယ့် သူက ကိုယ်ပိုင် creation ကောင်းသူဖြစ်တာမို့ သူ့ သီချင်းတွေက အနောက်တိုင်း အော်လ်တာနေးတစ်တွေရဲ့ ပုံစံတွေထက် သူ့စတိုင်ကသာ ပိုလွမ်းမိုးလေ့ရှိတယ် ။ (ဒိုးလုံး အော်လ်တာနေးတစ်ရယ်လို့ သီးသန့်ဆိုရမလိုတောင် ဖြစ်နေတယ် ) ။ အခု ဖေါ်ပြခဲ့တဲ့ စီးရီးတွေကတော့ Alternative ခေါင်းစဉ်အောက်က ထွက်မသွားခဲ့တာတော့ သေချာတယ် ။
Alternative Metal (ပြည်တွင်း)
၂၀၀၄မှာ လေးဖြူ ၊ မျိုးကြီး ၊ အငဲရဲ့ LMN ထွက်လာတယ် ။ ဒီခွေထဲက System of a Down ရဲ့ Aerials ကို ကော်ပီလုပ်ထားတဲ့ အငဲရဲ့ နတ်မိမယ် ၊ Godsmack - I Stand Alone ကို ယူထားတဲ့ အငဲရဲ့ အမှောင်ထဲက သူစိမ်းများ ၊ လေးဖြူရဲ့ “အပယ်ခံ” စတဲ့ သီချင်းတွေကတော့ Nu Metal တွေ ဖြစ်တယ် ။ Breaking Benjamin ရဲ့ အကောင်းဆုံးသီချင်းဖြစ်တဲ့ So Clod ကို ကော်ပီယူထားတဲ့ လေးဖြူရဲ့ “အဝါရောင်ကိုက်ခဲမှု” နဲ့ 3 Doors Down ရဲ့ Away from the Sun ကို ယူထားတဲ့ အငဲရဲ့ “အလင်းနှစ်သန်းပေါင်းများစွာ”ကတော့ Post Grunge/Alternative Rock တွေ ဖြစ်တယ် ။
Own Tune သီးသန့် လေးဖြူရဲ့ ခဏလေးများ (၂၀၀၆) နဲ့ B.O.B (၂၀၀၈) ။ အငဲရဲ့ ၂၀၀၀ခုနှစ်တွေထဲ ထွက်ခဲ့တဲ့ ဆဌမအာရုံ ၊ ခုနှစ်ထွေအက ၊ ဇစ်မြစ် စတဲ့ စီးရီးတွေမှာလည်း P-G တွေကို တွေ့ရမယ် ။ ခဏလေးများထဲက သီချင်းအများစု ( သတိမေ့သွားတဲ့ည ၊ ဖွဲမီး ၊ သတ္တိမရှိတော့ဘူး ၊ မမေ့ပစ်နဲ့ )က A-R / A-M / P-G သုံးမျိုးစလုံး အကျုံးဝင်တဲ့ သီချင်းတွေ ဖြစ်တယ် ။ Title song “ခဏလေးများ” လို Cold Play စတိုင် Post Britpop တွေ အပါအဝင်ပေါ့ ။ လျှောက်..လျှောက် သီချင်းကတော့ Nu Metal ဖြစ်တယ် ။ အဲဒီ သီချင်းအတွက် လေးဖြူဟာ Growling ဆိုဟန်တွေကိုပါ ထည့်သုံးထားတာ တွေ့ရလိမ့်မယ် ။ တေးရေးတွေက မောင်မောင်ဇော်လတ်နဲ့ လင်းလင်း နှစ်ယောက်တည်းမို့လား မသိ ၊ သီချင်းပုံစံတွေက ဗြောက်သောက်မဖြစ်ဘူး ။ A-R ရဲ့ zone အောက်က ထွက်မသွားဘူး ။ B.O.B (၂၀၀၈) မှာတော့ တေးရေးက မောင်မောင်ဇော်လတ် ၊ လင်းလင်း ၊ နောနော် ၊ ရယ်ဂျီ စသူတို့ ရေးပေးထားပြီး သီချင်းအမျိုးအစားတွေက ပိုစုံလာတယ် ။ "တစ်ယောက်တည်းနဲ့" "ကစဉ့်ကလျားသီအိုရီ" ၊ "မလုပ်နဲ့" လို Nu Metal တွေ ၊ "ဝိရောဓိ" ၊ "မိုးတိမ်တွေထဲ" ၊ "ဒါလီနေ့" လို Post Brit Rock တွေနဲ့ "ငါ့ရဲ့လမင်း" ၊ "အလဲအကွဲ" ၊ "သံယောဇဉ်" ၊ စာမျက်နှာ ၁၅ ၊ "အလွမ်း" စတဲ့ အရင် Slow Rock ပုံစံတွေ ပြန်ပါလာတယ် ။ လေးဖြူ ၊ အငဲ ၊ မျိုးကြီး ကတော့ ကော်ပီရော ကိုယ်ပိုင်ရောHeavy Metal ၊ Post Brit Rock, Post Grunge , Alternative Rock Geners အတော်စုံအောင်ကို ဆိုခဲ့တာပါပဲ ။
ပြောပါ ပြောပါ (အဖွဲ့စုံ) ၂၀၁၀ ထဲက Big Bag ,Idiots, NC-13 ရဲ့သီချင်းတွေဟာ P-G တွေ ဖြစ်တယ် ။ ၂၀၀၀ခုနှစ်အစောပိုင်းတုန်းက အန်ဒါဂရောင်းတွေဖြစ်တဲ့ ဝိုင်းတွေ ၂၀၀၀အကုန်မှာ ရောင်းတမ်းဝင် ဖြစ်လာတဲ့အထိ ဆယ်စုနှစ်တစ်ခုအတွင်း အပြောင်းအလဲတွေက ရှိခဲ့တယ် ။ ၂၀၀၀ခုနှစ်တွေရဲ့ အဆုံးမှာတော့ Idiots, Reason, Wanted ခန့်ဖြိုး တို့ရဲ့ အေးဆေးပဲ (၂၀၁၀) ၊ Big Bag , Idiots, Reason, Wanted ပေါင်းစပ်ထားတဲ့ S.I.R rockhouse(၂၀၁၀) စသဖြင့် ရှိလာခဲ့တယ် ။ သူတို့တွေရဲ့ သီချင်းတွေမှာ Emo ဖက်ရောက်တာတွေ ရှိသလို Metal ဖက်ကိုလည်း ပိုရောက်နေတာတွေ့လို့ Alternative metal လို့ ဆိုနိုင်တယ် ။ Alternative metal တွေပါတဲ့ Aကရာဇ် ရဲ့ "ဘာတွေလွဲနေလဲ" စီးရီးကတော့ ၂၀၀၀ ထဲမှာ ထွက်ခဲ့တာလား အလွန်မှာ ထွက်ခဲ့သလား ကျွန်တော် မသေချာပါ ။
အကြမ်းတစ်ပုဒ် အချိုတစ်ပုဒ် ၊ အောလ်တာတစ်ပုဒ် ပေါ့ပ်တစ်ပုဒ်
ကျွန်တော်တို့ဆီမှာ စီးရီး၊ကက်ဆက်ခွေတွေ ထုတ်တဲ့အခါ သီချင်းတွေ စီလေ့ရှိတဲ့ပုံစံ အတိုင်း Alternative Rock တစ်ပုဒ် ၊ ပေါ့ပ်/slow rock တစ်ပုဒ်စီ (အကြမ်းတစ်ပုဒ် ၊ အချိုတစ်ပုဒ်) ပါရှိပြီး ထွက်ခဲ့တာတွေလည်း ရှိတယ် ။
ကျော်ဟိန်း မော်ဒန်အင်းတက်ခ် (၂၀၀၂) ။ သူ့ရဲ့သီချင်းဟောင်း နှစ်ပုဒ် "အမိန့်"နဲ့ "ဘယ်တော့မှ မမေ့ဘူး" ကလွဲရင် ကျန်သီချင်းတွေက Nirvana ကော်ပီနှစ်ပုဒ် လုပ်ထားတာပါတယ် ၊ Music Engineered ကို မျိုးကျော့မြိုင်အပ်တယ် ၊ သီချင်းဟောင်း "ဝင်သက်ထွက်သက်"ကို ဗားရှင်းအသစ်နဲ့ မျိုးကျော့မြိုင် ၊ ဇေယျာသော်နဲ့ တွဲဆိုတယ် ၊ "ဒိုးရတော့မယ် အချစ်ရေ"ကို Linkin Park ရဲ့ Crawling တေးသွားပုံစံမျိုးနဲ့ Lazy Clubက တီးပြီး သူက ဆိုတယ် ၊ ဒိုးလုံးနဲ့ "အလင်း" ၊ "အချစ်ငရဲသား" နှစ်ပုဒ်တွဲဆိုတယ် ။ မျိုးကျော့မြိုင်တို့ ဒိုးလုံးတို့ အစွမ်းနဲ့ မော်ဒန်အင်းတက်ခ်ဟာ Alternative Metal ဖြစ်လုလုပါပဲ ။ ဒါပေမယ့် (ဦး)ကျော်ဟိန်းရဲ့အသံက အော်လ်တာဖြစ်ဖို့ colour တွေ မပါ ၊ Tone တွေ မပြည့်ပဲ ဖြစ်နေတယ်လို့ ခံစားရတယ် ။ ဘာပဲပြောပြော ဒီအခွေထဲက “ထွက်ပြေး”သီချင်းကြောင့် ကျွန်တော် ကာရာအိုကေရောက်တိုင်း ဆိုစရာတစ်ပုဒ် တိုးလာစေတယ် ။ ထွက်..ပြေး ဆိုတဲ့ နေရာကို screaming အသံနဲ့ အော်ဆိုရတာ သွေးကြောထဲကို methamphematine တွေ ရောက်သွားသလိုပဲ ။
Plain Cake ရဲ့ အလင်းမဲ့မီးခိုးများ (၂၀၀၀အစောပိုင်းပဲ ဖြစ်မယ်ထင်တယ်) စီးရီးမှာလည်း ပေါ့ပ် ၊ Teen Pop ၊ ပေါ့ပ်ရော့ခ် ၊ rap နဲ့ အော်လ်တာနေးတစ်ပုံစံတွေ ရောထည့်ထားတယ် ။ “အသက်မဲ့နေ့” က The Offspring လို့ ထင်တယ် ၊ “အဆုံးသတ်” ကတော့ Semisonic ရဲ့ closing time ဆိုတဲ့ Alternative Rock စစ်စစ်တစ်ပုဒ်ကို ကော်ပီ လုပ်ထားတာဖြစ်တယ် ။ စောတဲ့အထဲ ပါတယ်ပေါ့ ။ “ပုံစံခွက်ထဲကဘဝ” ဆိုရင်လည်း အဲဒီကာလတုန်းက သိပ်မကြားရသေးတဲ့ Alternative Hip Hop တစ်ပုဒ် ဖြစ်တယ် ။ Plain Cake အဖွဲ့ထဲက ဂျီလတ်ကို လူတွေ သိပ်မသိကြသေးတဲ့ ဖြတ်သန်းဆဲကာလတွေပေါ့ ။
ဘိုငယ် - ပြေးလမ်း (၂၀၀၆) ထဲက ချစ်လိုက်စမ်းပါ ၊ အနီရောင်စက်ဘီး ၊ မနှောင့်ယှက်ပါဘူး စတဲ့သီချင်းတွေက A-R တွေဖြစ်တယ် ။ ၊ အနီရောင်စက်ဘီးက ကက်ဆက်တိတ်ခေတ်ကနေ
အခုထိ ကျွန်တော့် mp3 ဖိုင်ထဲ အော်လ်တာရော့ခ်တစ်ပုဒ်အဖြစ် လတ်ဆတ်စွာ မောင်းနှင်ဆဲပဲ ။
သအိုရဲ့ ရေသောက်မြစ် (၂၀၀၉) ထဲက သီချင်းတွေဟာလည်း Alt Rock , Post Grunge တွေ အသားပေး ထားတဲ့ ကော်ပီစီးရီးကောင်းတစ်ခု ဖြစ်တယ် ။ သံစဉ်တွေ ကော်ပီဖြစ်နေတာကလွဲရင် (IC ရဲ့တီးခပ်မှုကတော့ ပြောစရာမလို) စာသားရော သီဆိုမှုရော Alt Rock အရသာကို အမီလိုက်နိုင်တဲ့ စီးရီးတစ်ခုဖြစ်တယ်လို့ မြင်မိတယ် ။ ဆိုလိုတာက အဲဒီအချိန်တွေတုန်းက Alt Rock တစ်ပုဒ် ခေတ်ဟောင်း ဟဲဗီးရော့ခ်တွေ Glam Metal လို Power Ballads လိုဟာတွေ တစ်ပုဒ် လျှောက်မထည့်ပဲ Alt Rock ချည်း ကော်ပီတစ်ခွေလုပ်ခဲ့တာကိုပဲ ကျေးဇူးတင်ရမှာ မဟုတ်လား ။
လှိုင်ဦးမော် အလှပြင်ထားပါ (၂၀၀၂) ။ လှိုင်ဦးမော် No.2 Album (၂၀၀၆) ။ အငဲရဲ့ ဆဌမအာရုံ (၂၀၀၂) ၊ နောနော်ရဲ့အတိုင်းထက်အလွန် (၂၀၀၇) ၊ ခင်ဘုဏ်း ရဲ့ အယုံလွယ်သူ (၂၀၀၈) ထဲက သီချင်းတွေတော့ တစ်ပုဒ်ချင်း မထုတ်ပြတော့ပါဘူး ။ အော်လ်တာတစ်ပုဒ် ၊ ပေါ့ပ်တစ်ပုဒ် ၊ Post Grunge တစ်ပုဒ် ပေါ့ပ်ရော့ခ်တစ်ပုဒ် သူတို့ စီးရီးတွေမှာ သီချင်းတွေကို အဲသလို စီကြလေ့ရှိတယ် ။ ရော့ခ်နဲ့ပတ်သက်လာရင် ရော့ခ်အမျိုးအစားပေါင်းစုံရှိတဲ့ မျိုးကြီးမှာတောင် (ပန့်ခ်နဲ့အော်လ်တာ ရော့ခ်ဆရာတစ်ဆူဖြစ်တဲ့) The Offspring ရဲ့ Want You Bad က “ကြည့်လို့မကောင်းတဲ့ပွဲ” အဖြစ် ရှိလာခဲ့ပြီ ။
၂၀၀၀အစောပိုင်းမှာတင် ဟစ်ဟော့ပ် တစ်ပုဒ် ၊ အော်လ်တာ တစ်ပုဒ် Track စီပြီး ထူးထူးခြားခြား ထွက်ခဲ့တဲ့ စီးရီးတစ်ခုလည်းရှိခဲ့တယ် ။ “ပေးဦးနော်” ပေါ့ ။ တစ်ပုဒ်မှ ပစ်ရက်စရာမရှိ၊ ဟစ်ဟော့ပ်နဲ့ အော်လ်တာရော့ခ်ကို မခွဲမခြားနားထောင်တတ်အောင် "ပေးဦးနော်"က အစောကြီးကတည်းက သင်ပေးပြီးသားပဲ ။ ဟစ်ဟော့ပ်ရေစီးအစမှာရော အော်လ်တာရေစီးအစမှာပါ ထည့်ပြောရမယ့် ပေးဦးနော်ပေါ့ ။
ပြီးတော့
အငဲရဲ့ ကော်ပီ P-G/ A-R
ပြီးတော့ အငဲရဲ့ ၂၀၀၀ခုနှစ်တွေထဲ ထွက်ခဲ့တဲ့ စီးရီးတွေ ။ ခုနှစ်ထွေအက(၂၀၀၃) ၊ ဇစ်မြစ်(၂၀၀၇) ။ ခုနှစ်ထွေအက (၂၀၀၃) ထဲက တံဆိပ်မကပ်နဲ့ ၊ ငါ့မိတ္တူများ ၊ စိတ္တဇကား သီချင်းတွေဟာ Post Grung တွေ ဖြစ်တယ် ။ Incubus ရဲ့ Drive ကို ကော်ပီယူထားတဲ့ စိတ္တဇကားကတော့ ဒီကနေ့အထိ ကျွန်တော့် A-R လက်ရွေးစင်ထဲ ထည့်ထားတုန်းပဲ ။ P-G တစ်ပုဒ်ကို ကော်ပီလုပ်ရင် စာသားတွေက အဲသလို လေးနက်ဆန်းသစ်နေဖို့ လိုတယ်မဟုတ်လား ။ စာသားချည်းသက်သက် ဖတ်ကြည့်ရင်တောင် ခေတ်ပေါ်ကဗျာတစ်ပုဒ်လို လူ့ဘဝရဲ့ ဖြစ်တည်မှုခရီးလမ်းပေါ် မောင်းနှင်နေတဲ့ အနုပညာသည်တစ်ယောက်ရဲ့ စိတ်ကူးကားတစ်စီးကို ခံစားဖတ်ရှုရနိုင်တယ် ။ မူရင်း Incubus ရဲ့ Drive လိုတော့ DJ scratch တွေ မပါဘူးပေါ့ ။
အငဲ စီးရီးတွေမှာ အစဉ်လာ သီချင်းစီပုံအတိုင်း သီချင်းအေးအေးတွေ နေရာမှာ အရင်အတိုင်း Pop Rock/ metal ballad /slow rock (သီချင်းအေးအေးလေးတွေနေရာမှာ Post Brit pop တစ်ပုဒ်နှစ်ပုဒ်လည်းပါလာပါတယ် ) သီချင်းတွေကို ထားရှိပြီး သီချင်းကြမ်းကြမ်းတွေ နေရာမှာတော့ (Heavy Metal တွေအစား) Post Grunge , Alternative Rock တွေ ဝင်လာခဲ့တယ် ။
“ဇစ်မြစ်”(၂၀၀၇) ထဲက ရောင့်ရဲစို့ ၊ မင်းမုန်းတဲ့လူ ၂ပုဒ်က P-G/ A-R အစစ် ကော်ပီသီချင်းတွေဖြစ်တယ် ။ "အချစ်ဦးပုံပြင်"၊ "ဟောင်းသွားပြီလား" လို Cold Play ရဲ့ Post Britpop တွေပါလာသလို ၊ Korn ရဲ့ I did my time ကို ကော်ပီယူထားတဲ့ Title song “ဇစ်မြစ်”လို Nu Metal တွေလည်း ပါလာတယ် ။ Nu metal နဲ့ Post Britpop ၊ Cold Play နဲ့ Korn ကို မြန်မာရော့ခ် အဆိုတော် တစ်ယောက်တည်းက တစ်ခွေတည်းမှာ ဆိုထားတာ နားထောင်ရတာကတော့ တမျိုးကြီးပဲ ။ အရင်ခေတ်ကလို ကော်ပီနားထောင်ပြီးမှ မူရင်းကိုကြားဖူးတာ မဟုတ်ပဲ ၊ မူရင်းကို ကြားရပြီးမှ ကော်ပီပြန်ဆိုတာကို နားထောင်ရတဲ့ အခြေနေဟာ မိမိ သီချင်းခံစားမှုအပေါ် မေးခွန်းတွေ ဝင်လာစေတယ် ။
မူရင်းတွေကို နားမထောင်ဖူးရင်တော့ ဒီစီးရီးတွေက ဒီနိုင်ငံအတွက် ရော့ခ်စီးရီးကောင်းတွေပါပဲ ။ အတော်လေးခြားနားတဲ့ သီချင်းအမျိုးအစားတွေကို ဂီတသမားတစ်ယောက်/တစ်ဖွဲ့က သီဆိုတီးခတ်တယ်ဆိုတာ အဲဒီဂီတသမားတွေကပဲ စုံလင်တဲ့ အာရုံခံစားမှု ၊ နိုင်ငံတကာ နယ်နိမိတ်တွေကို ကူးဖြတ်နိုင်တဲ့ သိမှု ၊ အတွေးအခေါ် ၊ ယဉ်ကျေးမှု တွေ ရှိနေလို့လား ၊ အဲဒီ ဂီတ/သီချင်းGenres တွေကပဲ ကော်ပီယူတဲ့ ဂီတသမားတွေရဲ့ ယဉ်ကျေးမှု ၊ အတွေးအခေါ်တွေနဲ့ လာ ကိုက်ညီနီးစပ်နေလို့လား ။ ပိုပြီး မြန်ဆန် ဆူညံတဲ့ ဂီတသံတွေဟာ အကြောင်းမဲ့ဖြစ်လာတာမှ မဟုတ်တာ ။ အဲဒီအသံတွေ ထွက်လာဖို့ လုံလောက်တဲ့ ပေါက်ကွဲအားတွေ လိုတယ်လေ ။
အသံထွက်ပုံတွေတူအောင် Instruments တွေကို ဘယ်လိုပဲ ပြောင်းလဲ တုပနိုင်ပါစေဦး ၊ မူရင်း (အနောက်တိုင်းက) အာရုံခံစားမှုတွေ ၊ တွေးခေါ်တုံ့ပြန်ပုံတွေ၊ နှလုံးသားဝိညာဉ်တွေနဲ့ နီးစပ်နေဖို့လည်း လိုသေးတယ်လို့ မြင်မိတယ် ။ Iron Cross နဲ့ လေးဖြူ အငဲ မျိုးကြီးရဲ့ Alternative Rock/ Atler Metal စတဲ့ သီချင်းတွေကို ကော်ပီလုပ်ရာမှာတော့ အသံထွက်ပုံတွေမှာ ထပ်တူနီးပါး နီးစပ်သလောက် (sound Mixing ပိုင်းမှာတော့ နိုင်ငံခြားကို မမီနိုင်ဘူးပေါ့လေ) အသံထွက်ဖို့ လုံလောက်စေတဲ့ အာရုံခံစားမှု( ဥပမာ psychedelic context )နဲ့ အတွေးအခေါ်(စာသား)ပိုင်းမှာတော့ လျော့ရဲနေတာတွေ (ဥပမာ နတ်မိမယ် မိန်းမလှလေး ) ရှိသလို ၊ ပြည့်မီနေတာလည်း ရှိတာပေါ့လေ ။ ( ဥပမာ "အဝါရောင်ကိုက်ခဲမှု" ၊ "စိတ္တဇကား" )