Plagiarism (ပလေဂျီယာရစ်ဇင်)

  • By superadmin
  • May 13, 2025

သီချင်းခိုးတယ်"။ စာနဲ့ပေနဲ့ ပြောရင်တော့ "ဂီတဆိုင်ရာ ဉာဏပစ္စည်း ခိုးယူတယ်" ပေါ့။ အင်္ဂလိပ်လို "plagiarism (ပလေဂျီယာရစ်ဇင်)" လို့လည်း ပြောလို့ ရပါသေးတယ်။

ဒီလို ဝေါဟာရတွေကို ဂီတနဲ့ နီးစပ်တဲ့သူတွေအနေနဲ့ တစ်ချိန်မဟုတ် တစ်ချိန်တော့ ကြားဖူးပြီးမယ်လို့ ထင်ပါတယ်။ ဒီလို အဖြစ်အပျက်မျိုးက နာမည်ကြီးပြီး ပရိတ်သတ် အခိုင်အမာ ရှိပြီးသား အဆိုတော်တွေ၊ တီးဝိုင်းနဲ့ တေးရေးဆရာတွေ ကြားမှာတောင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စမျိုးပါ။

ဒီတော့ ကျွန်တော်တို့ မစခင် plagiarism နဲ့ပတ်သတ်ပြီး ဖြစ်တတ်တဲ့ သဘောလေးတွေကို ကြိုပြောထားပါရစေ။ တခါတလေ ဂီတလောကမှာ plagiarism ဆိုတဲ့ ကိစ္စက ရည်ရွယ်ချက်ရှိရှိနဲ့ရော မရည်ရွယ်ထားဘဲရော ဖြစ်တတ်ပါတယ်။

ရည်ရွယ်ချက်ရှိရှိဆိုတာကတော့ ရှင်းပါတယ်။ တခြားသူ ဖန်တီးထားတဲ့ သီချင်းကို ယူ ဟိုတစ်ပိုင်း ဒီတစ်ပိုင်း ဖြတ်ညှပ်ကပ် လုပ်ပြီး ကိုယ်တိုင်ဖန်တီးထားသယောင် လုပ်တာပါ။

မရည်ရွယ်ပဲ ဖြစ်တတ်တယ်ဆိုတာကတော့ လုံးဝကို တိုက်ဆိုင်သွားတာမျိုးလည်း ဖြစ်နိုင်သလို တစ်နေရာရာမှာ ခရီးသွားဟန်လွဲ ကြားဖူးတဲ့ သံစဉ်နဲ့ စာသားတွေက ကိုယ်တိုင် သီချင်းဖန်တီးဖို့ စဉ်းစားတဲ့အခါ ခေါင်းထဲမှာ ပေါ်တတ်တာကြောင့် မသိစိတ်က ကိုယ်တိုင်စဉ်းစားမိသယောင် ထင်ပြီး သုံးစွဲမိတာမျိုးကို ပြောတာပါ။ ဒါကိုတော့ unconscious borrowing လို့ ခေါ်ပါတယ်။

ဘာကြောင့်ပဲ ဖြစ်ဖြစ် သီချင်းနှစ်ပုဒ်က တော်တော်လေး တူသွားပြီဆိုရင်တော့ လူပြောစရာ ဖြစ်ရုံတင် မကဘဲ တရားတဘောင်တွေ ဘာတွေ ရင်ဆိုင်ရကိန်းအထိ ဖြစ်နိုင်တယ်ဆိုတာကိုတော့ သတိပြုရမှာပါ။

ဒီလိုမျိုး အဖြစ်တွေ ရှိလည်း ရှိခဲ့ပါတယ်။ အနီးစပ်ဆုံးထဲမှာ နာမည်ကြီးသွားတာတစ်ခုဆိုရင်တော့ Radiohead နဲ့ Lana Del Rey ကိစ္စပါပဲ။

၂၀၁၇ နဲ့ ၂၀၁၈ လောက်က Radiohead က Lana Del Rey ရဲ့ Get Free သီချင်းက သူတို့ရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ Creep သီချင်းကို မှီငြမ်းထားတယ်လို့ ယူဆတဲ့အတွက် တရားရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

Get Free by Lana Del Rey

Creep by Radiohead

The Air That I Breath by The Hollies

ပြောရရင် Creep သီချင်း ကိုယ်တိုင်ကလည်း ဒီလို စွပ်စွဲမှုတွေနဲ့ ကင်းခဲ့တာတော့ မဟုတ်ပါဘူး။ Creep ကိုလည်း Albert Hammond နဲ့ Mike Hazlewood ဆိုတဲ့ တေးရေးဆရာနှစ်ယောက်က Creep မတိုင်ခင် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက သူတို့ရေးခဲ့တဲ့ The Hollies တို့ရဲ့ The Air That I Breathe သီချင်းနဲ့ ဆင်တာထက်ပိုနေတာတွေကို သွားပြီး သတိထားမိလို့ တရားစွဲခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းကတော့ Radiohead ဘက်က အရေးနိမ့်ခဲ့တာကြောင့် တွဲဖက်တေးရေး ရပိုင်ခွင့်တွေပေးဖို့ကို သဘောတူပေးခဲ့ရဖူးပါတယ်။

အခုတစ်ကြိမ်မှာတော့ Radiohead က သူတို့သီချင်းကို ကူးယူထားတယ်လို့ ယူဆတာကြောင့် Lana Del Rey ဆီကနေ သီချင်းထုတ်ဝေမှုရဲ့ ၁၀၀ ရာခိုင်းနှုန်းကို ရပိုင်ခွင့် တောင်းခဲ့တယ်လို့ ဆိုပါတယ်။

Lana Del Rey ဘက်ကလည်း Radiohead ရဲ့ ပင်တိုင်အဆိုတော် Thom Yorke နဲ့ တခြား တီးဝိုင်းအဖွဲ့သားတွေက သူ(မ)ရဲ့ Get Free သီချင်းဟာ copyright စည်းမျဉ်းတွေကို ချိုးဖောက်ထားတယ်တယ်ဆိုပြီး တရားစွဲဖို့ ပြင်နေကြတယ်ဆိုတဲ့ ကောလဟလတွေက မှန်တယ်လို့ တွစ်တာကနေ အခုလို အဓိပ္ပါယ်ရတဲ့ စာစုတစ်ခုကို တင်ပြီး အတည်ပြုခဲ့ပါတယ်။

"တရားစွဲခံရတယ် ဆိုတဲ့ကိစ္စက အမှန်ပါပဲ။ ကျွန်မသီချင်းက Creep ကိုမှီငြမ်းထားတာမဟုတ်ဘူးဆိုတာ ကျွန်မကိုယ်တိုင်သိပေမယ့် Radiohead ဘက်ကတော့ သူတို့ သီချင်းကို ကူးတယ်လို့ယူဆပြီး ထုတ်ဝေမှုရဲ့ ၁၀၀ ရာခိုင်နှုန်း ရပိုင်ခွင့်ကို လိုချင်ကြတယ်။ ကျွန်မဘက်က ၄၀ ရာခိုင်နှုန်းပေးမယ်လို့ မကြာသေးခင် လတွေက ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရှေ့နေတွေဘက်က ၁၀၀ ရာခိုင်နှုန်း ရပိုင်ခွင့်ကိုမှ လက်ခံမယ်ဆိုတော့လည်း တရားရုံးမှာပဲ ရှင်းကြတာပေါ့" ဆိုပြီးပါ။

Radiohead ဘက်ကတော့ တရားစွဲဆိုထားတာ မရှိကြောင်းကို အခုလို ပြန်ရှင်းပါတယ်။ Radiohead ရဲ့ ထုတ်ဝေသူ Warner Chappell Music ရဲ့ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က "မှန်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက Lana Del Rey ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေတယ်ဆိုတာက Get Free ရဲ့ အပိုဒ်တချို့မှာ Creep ရဲ့ သံစဉ်တွေ ပါနေတယ်ဆိုတာက ရှင်းနေတာပဲလေ။ ဒါကြောင့်လည်း Creep ကို ရေးခဲ့တဲ့သူအားလုံးကို (ဒီသီချင်းရဲ့ ဖန်တီးသူတွေအဖြစ်) အသိအမှတ်ပြုပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ ဒီနေရာမှာ အားလုံး ရှင်းသွားအောင် ပြောလိုက်ပါမယ်။ တရားစွဲတယ်ဆိုတဲ့ ကိစ္စနဲ့ Radiohead က Get Free ရဲ့ ထုတ်ဝေမှုရဲ့ ၁၀၀ ရာခိုင်နှုန်း ရပိုင်ခွင့်ကို တောင်းတယ်ဆိုတာကတော့ မဟုတ်ပါဘူး။" လို့ Pitchford ဝက်ဘ်ဆိုက်ကို ပြောပြခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေ အပြီးမှာတော့ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ လုပ်တဲ့ Lollapalooza ပွဲတော်မှာ Get Free သီချင်းကို ဆိုအပြီး "တရားရေးကိစ္စတွေအားလုံးက ပြီးသွားပါပြီ၊ ဒီသီချင်းကို ငါဆိုချင်တဲ့အချိန်မှာ ဆိုလို့ရပြီလို ထင်တယ်၊ ဟုတ်တယ်မလား" လို့ ပြောပြီး အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ပြီဆိုတာကို Lana Del Rey ကပရိတ်သတ်တွေကို အသိပေးခဲ့ပါတယ်။

သူတို့ နှစ်ဖက်ကြားမှာ ဘယ်လိုသဘောတူညီမှုမျိုးနဲ့ ပြေလည်သွားလည်းဆိုတာကို အပြင်လူတွေအနေနဲ့ အတိအကျတော့ မသိရပေမဲ့ အတော်လေး လူပြောစရာ ဖြစ်သွားတာတော့ အမှန်ပါ။

American Society of Composers, Authors and Publishers (ASCAP) ရဲ့ database တွေမှာတော့ Get Free ရဲ့ တေးရေးနဲ့ပတ်သတ်တဲ့ credit တွေမှာ တေးရေးဆရာ နာမည်တွေကို လုပ်ခဲ့တာမျိုးမရှိပါဘူး။ ဒါကိုကြည့်ရင်တော့ Lana Del Rey က ဒီအမှုမှာ အသာရသွားခဲ့တယ်လို့ ကောက်ချက်ဆွဲလို့ ရမှာပါ။

ဒီလို အဖြစ်အပျက်တွေက ဂီတလောကသားတွေအတွက် စိတ်ဝင်စားစရာ ကောင်းသလို ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ ဒီလိုအဖြစ်အပျက်တွေ ရှိမလားနိုင်ဘူးလို့တော့ ပြောလို့ မရပါဘူး။ အကယ်၍ ဖြစ်လာခဲ့ရင် မြန်မာနိုင်ငံက အနုပညာရှင်တွေအနေနဲ့ ကိုယ့်ရဲ့ ဉာဏပစ္စည်းတွေ ခိုးယူခံရတာကနေ ဘယ်လို ကာကွယ်နိုင်မှာလဲဆိုတာကို ဥပဒေ နည်းလမ်းတွေအရ ဆွေးနွေးအကြံပေးနိုင်ဖို့ ကျွန်တော်တို့ ArtNation Entertainment အနေနဲ့ အမြဲ ကြိုးစားလျက် ရှိပါတယ်။

__xxx__

Extra: Get Free, Creep နဲ့ The Air That I Breathe သီချင်း တို့အကြား ရှင်းလင်းချက်

ဂီတနဲ့ ပတ်သတ်ပြီး ထဲထဲဝင်ဝင် လေ့လာမထားတဲ့ လူသာမာန်တွေတောင်မှ ဒီသီချင်းတွေကို ယှဉ်နားထောင်ကြည့်ရင် တော်တော်လေး ဆင်တူနေတာကို တွေ့ရမှာပါ။

ဂီတနဲ့ ပတ်သတ််ပြီး ထဲထဲဝင်ဝင်လေ့လာထားတဲ့ သူတွေရဲ့ ပြောစကားအရတော့ ကျွန်တော်တို့ အခုလို သိရပါတယ်။

သီချင်းသုံးပုဒ်လုံးက မတူတဲ့ key တွေရှိကြပေမဲ့ chord အတွဲအစပ်တွေက ထပ်တူကျလုနီးပါး ဖြစ်နေသလို သီချင်းအနှေးအမြန် tempo တွေ တူနေတာ အမှန်ပါပဲ။

ဒီသီချင်းတွေကို ပိုပြီး သိသိသာသာ သွားစေတာကတော့ အားလုံးက Minor 4th cord ကို သုံးထားလို့ပဲ ဖြစ်ပါတယ်။ Minor 4th က တီး/ဆိုနေတဲ့ chord အတွဲအစပ်ကနေ ရုတ်တရက် ချော်ထွက်သွားတဲ့ အသံတစ်ခုကိုပေးနိုင်တာကြောင့် သူ့ကို ပိုပြီး ပူဆွေးစရာကောင်းတဲ့၊ စိုးရိမ်ပူပန်စရာကောင်းတဲ့ ခံစားမှုမျိုး ရအောင် ပေးနိုင်အောင် သုံးတတ်ကြပါတယ်။ ဂီတသီအိုရီတွေအရ သူ့ကို modal Interchange လို့လည်း ခေါ်တယ်လို့ ဆိုပါတယ်။ သာမာန်လူတွေ နားလည်အောင် ပြောရရင် ဂီတသင်ခန်းစာတွေထဲကအတိုင်း မဟုတ်တဲ့ key တစ်ခုကို ရည်ရွယ်ချက်ရှိရှိတီး/ဆိုပြီး ကိုယ့်ရဲ့ သီချင်းကို ထူးခြားအောင် ထွင်လိုက်တာမျိုးပါ။

Minor 4th ကို Creep ရဲ့ Verse မှာ “You skin makes me cry” ဒါမှမဟုတ် Chorus က “I don’t belong here” တို့လို့ စာသားတွေမှာ Yorke ဆိုတာကို ကြားနိုင်ပါတယ်။ Get Free မှာ

ဆိုရင်လည်း “To the reveal of my heart” တို့ “And the darkness from the arts” တို့မှာ Minor fourth ကို Lana Del Rey ရဲ့ဆိုဟန်နဲ့ ထပ်ကြားရပြန်ပါတယ်။ The Air That I Breathe မှာ “Can’t think of anything I need” ဆိုတဲ့နေရာမှာ တွေ့ရမှာပါ။

Pop သီချင်းတော်တော်များများမှာ ဒီနည်းကို နှစ်ရှည်လများသုံးခဲ့ကြပေမဲ့ ဒီသီချင်းသုံးပုဒ်ကတော့ တိုက်တိုက်ဆိုင်ဆိုင် တူသွားခဲ့တာပါ။ ဒါမျိုး တူတာတွေကို Crests ရဲ့ “Sixteen Candles” လို သီချင်းမျိုးမှာ တွေ့ရပြီး 1950 လောက်က Doo-wop တွေမှာ ပျံနှံ့ခဲ့ပါသေးတယ်။ David Bowie ရဲ့ “Space Oddity” မှာ သုံးခဲ့သလို Beatles တို့လည်း minor fourth ကို တော်တော်လေးသုံးခဲ့ပါတယ်။ ဥပမာ အနေနဲ့ပြောရမယ်ဆို “Blackbird” တို့ “When I saw her stand there” တို့မှာမြင်နိုင်ပါတယ်။

နောက်ထပ်ပြီးတော့ ဒီ chord တွေကို Greenday ရဲ့ “Wake me up when september ends” လည်းကြားရနိုင်ပြီး Radiohead ဆိုရင် “Creep” တင်မကဘဲ “My iron lung” တို့ “No surprises” တို့လို သီချင်းတွေမှာလည်း အကြိမ်ကြိမ် သုံးခဲ့ပါသေးတယ်။

ဒါကြောင့် Minor Fourth ပတ်သတ်ပြီး ဘယ်သူကမှ မူပိုင်ခွင့် မရှိတာကတော့ သေချာပါတယ်။