ရွေးကောက်ပွဲအခင်းအကျင်းများနဲ့ ဂီတလောကရဲ့ အခန်းကဏ္ဍ

  • By superadmin
  • May 13, 2025

(၁) ၂၀၁၆ Recap

၂၀၁၆ ခုနှစ်ဟာ အမေရိကန်နိုင်ငံရဲ့ အငြင်းပွားဖွယ်ရာရလာဒ်များနဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ပြီး ရီပါ့ပလစ်ကန်ပါတီရဲ့ ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ ဟီလာရီကလင်တန်ကို မမျှော်လင့်ဘဲ အနိုင်ရခဲ့ပါတယ်။

အဲဒီကာလတွေမှာ Kid Rock, Ted Nugent, Kenny Rogers အစရှိတဲ့ အမေရိကန်အဆိုတော်တွေဟာ ဒေါ်နယ်ထရမ့်ဖက်ကနေ ထောက်ခံအားပေးခဲ့ကြတယ်။

Cher, John Legend, Demi Lovato အစရှိတဲ့ အဆိုတော်တွေကတော့ Anti-Trump (ထရမ့်ဆန့်ကျင်ရေး) ဖက်ကဖြစ်ကြပြီး ဟီလာရီကလင်တန် (ဒီမိုကရက်တစ်ပါတီ) ကို အင်တိုက်အားတိုက် ထောက်ခံခဲ့ကြသူတွေဖြစ်ခဲ့တယ်။

အဲဒီအချိန်တွေကတည်းက အနုပညာရှင်တွေဟာ ရွေးကောက်ပွဲအတွက် Twitter, Facebook နဲ့ Instagram တွေပေါ်ကနေ ကန်ပိန်းတွေပြုလုပ်တာ၊ ဆန္ဒဖော်ထုတ်တာတွေ အင်တိုက်အားတိုက် လုပ်ခဲ့ကြပါတယ်။

(၂) လက်ရှိ

လက်ရှိ ၂၀၂၀ မှာ နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့ပြီး (ခုအချိန်ထိ လိပ်ခဲတည်းလည်းဖြစ်နေဆဲ) အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ ဒီတစ်ကြိမ်မှာလည်း ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်စားစရာဖြစ်လာခဲ့တယ်။ အကြောင်းအရင်းကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတဒေါနယ်ထရမ့်အနိုင်ရခဲ့ခြင်းကို လက်မခံနိုင်သူတွေ၊ ထရမ့်ကို ခါးခါးသီးသီးမုန်းတီးကြသူတွေဟာ အင်အားစုကြီးတစ်ရပ်ဖြစ်လာခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါလှိုင်းကြီးနဲ့ပါ တိုက်ဆိုင်နေတဲ့အခြေအနေမို့ အားလုံးဟာ ဒီကာလတွေမှာ ထိကရုန်းလို ဆတ်ဆတ်ထိမခံနိုင်ကြတဲ့ အခြေအနေတစ်ခု ဖြစ်နေကြပါတယ်။

ဒီနှစ်မှာထူးခြားတာက ဂီတလောကတစ်ခုလုံးနီးပါး ရွေးကောက်ပွဲအတွက် အင်တိုက်အားတိုက်ပါဝင်လာကြတဲ့အပြင် HeadCount လိုမျိုး Voter’s registration plaform တွေကလည်း အသက် ၁၈ နှစ်ပြည့်ပြီးသူနိုင်ငံသားတိုင်း Vote လုပ်ရမယ့်၊ Vote လုပ်နိုင်မယ့် အသိကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်ခဲ့ကြတယ်။ အဲဒီထဲမှာမှ HeadCount ကတော့ Global Citizen လို အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး #JustVote လိုမျိုး Campaign တွေကို ဂီတလောကက အနုပညာသမားတော်တော်များများနဲ့ လက်တွဲပူးပေါင်းနိုင်ခဲ့တယ်။ အတော်လေးလည်း ထိရောက်ခဲ့ပါတယ်။

HeadCount နဲ့အတူ လက်တွဲခဲ့ကြသူတွေကတော့ Amy Lee (Evanescence), ColdPlay, Taylor Swift, Ariana Grande, Billie Eilish, Bob Weir, Brandi Carlile, Cardi B, Dave Matthews Band, John Mayer, Finneas, Sofi Tukker, Tyler, The Creator, Willie Nelson, အစရှိသဖြင့်တို့ဖြစ်ပါတယ်။

Lady GaGa, Katy Parry, John Legend တို့အပါအဝင် တချို့အနုပညာရှင်တွေကတော့ Rock the Vote, TurboVote, VoteSaveAmerica စတဲ့ registration platform တွေနဲ့ အသီးသီးလက်တွဲခဲ့ကြတယ်။

Pink, Pharrell, Gloria Estefan, အစရှိသဖြင့်တွေကတော့ Sony Music နဲ့ လက်တွဲခဲ့ကြပြီး

Snoop Dogg တို့ Frank Ocean တို့ကတော့ သူတို့ကိုယ်ပိုင် registration platform တွေကနေ သပ်သပ်ပရိုမုတ်ကြတယ်။ သူတို့တွေလက်တွဲအလုပ်လုပ်ကြတဲ့ platform ချင်းမတူပေမယ့် အားလုံးရဲ့ တူညီတဲ့ရည်ရွယ်ချက်ကတော့ ၁၈ နှစ်ပြည့်ပြီးသူတိုင်း လှည်းနေလှေအောင်းမြင်းစောင်းမကျန် Vote ကြဖို့ပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဂီတလောကကြီးရဲ့ ကြောက်ခမန်းလိလိ ပူးပေါင်းပါဝင်မှုအင်အားလည်းဖြစ်တယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဂီတဖန်တီးမှုတွေလည်း အသီးသီးပြုလုပ်ခဲ့ကြတယ်။

သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေလည်း ကမ်ပိန်းတွေ စနစ်တကျ တောက်လျှောက်လုပ်ခဲ့တော့ တစ်ယောက်ချင်းစီရဲ့ ဖော်လိုဝါအင်အားနဲ့တွက်ကြည့်ရင်ပဲ သူတို့ရဲ့ လွှမ်းမိုးမှုကြောင့် မဲပေးရမယ့်အသိဝင်လာတဲ့သူတွေရဲ့ registration အင်အားဟာ ကြောက်ခမန်းလိလိကို များပြားခဲ့တာ။

(၃) တူညီသော မတူညီခြင်းများ

တူညီတဲ့ ရည်ရွယ်ချက်တွေအကြောင်းပြောပြီးပြီဆိုတော့ မတူညီတဲ့အပိုင်းရောက်လာပြီ။

ဂီတလောကမှာတော်တော်များများက ထရမ့်ကို ခါးခါးသီးသီးမုန်းတီးကြတယ်။ အပေါ်မှာ ရေးခဲ့တဲ့ အနုပညာသမားအကုန် Trump-Pence ကို ဆန့်ကျင်ကြပြီး Baiden-Harris ကို အားတက်သရော ထောက်ခံကြတယ်။ မဲဆွယ်ကြတယ်။ သူတို့မှာလည်း ကြိုက်ရခြင်း၊ မကြိုက်ရခြင်း အချက်အလက်တွေက တစ်ယောက်ချင်းစီမှာ အကျိုးအကြောင်း အခိုင်အလုံရှိနေကြတာကိုး။

Lil Pump, Lil Wayne, 50 Cent အစရှိသဖြင့်တွေကတော့ ထရမ့်ကို ထောက်ခံကြတယ်။ ဒါတောင် 50 Cent က ရပ်တည်ချက် ဇဝေဇဝါရယ်။

(၄) အနှစ်ချုပ်

စာလည်းအတော်ရှည်သွားပြီ။ အနှစ်ချုပ်ရရင် Bob Dylan, Pete Seeger, Willie Nelson, Bob Marley, Neil Young တို့လက်ထက်က စ လို့ The Cramberries, Black Eyed Peas တို့အလယ် မနေ့တနေ့ကမှ ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် vote ခွင့်ရမယ့် Billy Eilish အဆုံး အားလုံးသော ဂီတသမားတွေ၊ အနုပညာသမားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ ဂီတဖန်တီးမှုတွေဟာ ခေတ်အဆက်ဆက်မှာ အများကြီးထိရောက်ခဲ့ကြတာ။ အတော်လေး တာသွားခဲ့တာ။ ဒီဖက်ခေတ်မှာတော့ နည်းပညာအရွေ့နဲ့ ဆိုရှယ်မီဒီယာပါ ပေါင်းစပ်လိုက်တော့ သူတို့ရဲ့အသံတွေဟာ ပရိသတ်ဆီကို အချိန်နဲ့တပြေးညီ ရောက်တာပေါ့။

အနုပညာသမား အနုပညာမလုပ်ဘဲ နိုင်ငံရေး အရောင်အသွေးနှောတာဟာ သူတို့ရဲ့ ရှိခဲ့ပြီးသား demographic နဲ့ reputation ကို ထိမယ်မှန်း၊ တစ်ဖက်ဖက်ကို ရပ်တည်လိုက်တာနဲ့ အရောင်မတူတဲ့ Fan တွေ စိတ်အနှောက်အယှက်ဖြစ်မယ်မှန်း သူတို့ သိကြပါတယ်။ သိသိလျက်နဲ့ သူတို့ယုံကြည်ရာ သူတို့လုပ်ခဲ့ကြတာ။ လုပ်နေကြတာ။ (ရပ်တည်ချက်မရှိဘဲ အကျိုးတစုံတရာကြောင့် လုပ်ကြသူတွေကို မဆိုလိုပါ။)

Fan အများစုကလည်း သူတို့ချစ်တဲ့ ဂီတသမား၊ အနုပညာသမားဆိုရင် အနုပညာပဲ သီးသန့်လေးလုပ်စေချင်ကြတယ်။

သူတို့ချစ်တဲ့သူတွေဟာ သူတို့ ပုံဖော်ထားတဲ့ expectation နဲ့ ထပ်တူမကျတဲ့အခါ၊ သူတို့နဲ့မတူတဲ့ဖက်မှာ ရပ်တည်တဲ့အခါ မခံစားနိုင်ကြဘူးကိုး။

(၅) သို့ပေမယ့်

သို့ပေမယ့်လည်း အားလုံးသော ဂီတသမားတွေ၊ အနုပညာသမားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဂီတနဲ့ အနုပညာဖန်တီးမှုတွေဟာ ခေတ်အဆက်ဆက်မှာ အများကြီးထိရောက်ခဲ့၊ ထိရောက်နေဆဲ၊ ထိရောက်နေဦးမှာကတော့ မပြောင်းလဲတဲ့အမှန်တရားဖြစ်နေဦးမှာပါ ဆိုတာကိုပြောရင်း၊ ကျနော်တို့နိုင်ငံအတွက်လည်း ကောင်းမွန်သောအနာဂတ်တွေကို မျှော်လင့်ရင်း လာမယ့်နိုဝင်ဘာ (၈)ရက်နေ့မှာ တိုင်းပြည်အတွက် မပျက်မကွက်မဲပေးကြပါလို့ နှိုးဆော်ရင်း “ရွေးကောက်ပွဲအခင်းအကျင်းများနဲ့ ဂီတလောကရဲ့ အခန်းကဏ္ဍ” ကို နိဂုံးချုပ်လိုက်ပါတယ်။