၂၀၁၉ နှစ်လယ်ပိုင်းလောက်က Tumblr မှာ တင်ခဲ့တဲ့ Taylor Swift ရဲ့ ပို့စ်တစ်ခုကြောင့် ဂီတလောကတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ဖူးပါတယ်။ အဲဒီပို့စ်မှာ ရေးထားတာက "ဂီတပညာရှင်ပေါက်စတွေနဲ့ ဂီတနဲ့ပတ်သတ်ပြီး ရည်မှန်းချက်ရှိတဲ့ လူငယ်တွေ ဒီစာကို ဖတ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်တဲ့အခါ ကိုယ့်ဘက်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သင်ခန်းစာယူဖို့ပါ။ ကိုယ်ဖန်တီးတဲ့ အနုပညာကို ကိုယ်ပဲပိုင်သင့်ပါတယ်" ဆိုပြီး ရေးခဲ့တာပါ၊၊
ဒါကတော့ သူ့ရဲ့ Label ဟောင်း Big Machine က သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ် ၆ ခုရဲ့ မူပိုင်ခွင့် (Master Right) အားလုံးကို Scooter Braun ဆိုသူရဲ့ Ithaca Holdings’ LLC ဆီကို လွဲပြောင်း ရောင်းချလိုက်တယ်ဆိုတဲ့ သတင်းကို ရည်ရွယ်တာ ဖြစ်ပါတယ်။ (Note - Ithaca Holdings’ LLC က Big Machine Label ကိုပါ ဝယ်ခဲ့တာပါ။ Scooter Braun က အရင်က Kanye West, Justin Bieber, Ariana Grande တို့ကို manage လုပ်ပေးခဲ့တဲ့သူလည်း ဖြစ်ပါတယ်) နောက်ပြီး Big Machine နဲ့ သူအလုပ်တွဲလုပ့်တုန်းက အဆက်မပြတ် အနိုင်ကျင့် လှည့်စားတာတွေ ခံခဲ့ရတယ်လို့ ဆိုပြီး သူ့အတွက် အဆိုးရွားဆုံး အခိုက်အတန့်တွေပဲလို့ ရေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုကြုံရတာဟာ Taylor Swift က ပထမဆုံးတော့လည်း မဟုတ်ပါဘူး။ Frank Ocean တို့ Rihanna တို့က စလို့ Prince တို့ Jay Z တို့ အဆုံး တခြားအနုပညာရှင်တွေလည်း ကိုယ့်ရဲ့ မူပိုင်ခွင့်တွေကို သက်ဆိုင်ရာ Label ကနေ ပြန်ပြီး ဝယ်ရတာမျိုး၊ ကိုယ့်သီချင်းနဲ့ ပတ်သတ်တဲ့ ရပိုင်ခွင့်တွေအတွက် အကြီးအကျယ် တရားစွဲခဲ့ရတဲ့ ကိစ္စမျိုးတွေလည်း အရင်က ရှိတော့ ရှိခဲ့ဖူးပါတယ်။ ဆိုပေမဲ့ Taylor Swift ရဲ့ အခြေအနေလောက်ထိတော့ ဖြစ်မသွားခဲ့ဖူးပါဘူး။
ဒါဆိုရင် Taylor Swift က သူ့ Album တွေရဲ့ Master Right တွေကို သူကိုယ်တိုင် ဘာလို့ မပိုင်တာလဲ? ဆိုတာကို ပြန်ဆက်ရအောင်။ Big Machine နဲ့ စပြီး စာချုပ် ချုပ်ခဲ့တုန်းက Taylor Swift ရဲ့ အသက်က ဆယ်ကျော်သက်ပဲ ရှိပါသေးတယ်။ ဒီတော့ Master Right တွေနဲ့ ပတ်သတ်တဲ့ ပိုင်ဆိုင်ခွင့်တွေနဲ့ ဝေးသွားစေမယ့် စာချုပ်မှာ လက်မှတ်ထိုးခဲ့မိတာပါ။ အဲဒီ Big Machine နဲ့ပဲ ဆယ်စုနှစ် တစ်ခုကျော် (၂၀၀၆ ကနေ ၂၀၁၇) အတွင်း Taylor Swift, Fearless, Speak Now, Red, 1989 နဲ့ Reputation ဆိုတဲ့ album ၆ ခုကို ထုတ်ခဲ့ပါတယ်။ (Variety ရဲ့ ၂၀၁၈ ခုနှစ် ရီပို့အရ Big Machine ရဲ့ ဝင်ငွေ ၈၀ ရာခိုင်နှုန်းက Taylor Swift ဆီကနေ ရတယ်လို့ ဆိုပါတယ်။)
၂၀၁၈ ကုန်ခါနီးမှာတော့ Taylor Swift တစ်ယောက် Big Machine နဲ့ လက်တွဲဖြုတ်ပြီး Universal Music Group/Republic နဲ့ စာချုပ် ချုပ်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ စာချုပ်အသစ်အရဆိုရင် နောက်ထွက်မယ့် သီချင်းအသစ်တွေအတွက် မူပိုင်ခွင့်အားလုံးကို သူပဲ ပိုင်ဆိုင်ခွင့်ရမှာပါ။
၂၀၁၉ ဇွန်လကုန်မှာတော့ Big Machine ကို Itchaca Holdings LLC. က အတိအကျ ဖော််််််ပြမထားတဲ့ ဈေးနှုန်းတစ်ခုနဲ့ ဝယ်ယူခဲ့တဲ့အတွက် Big Machine နဲ့ ထွက်ခဲ့တဲ့ Taylor Swift ရဲ့ Master Recordings အားလုံးကို ပါ ပိုင်ဆိုင်ခွင့် ရသွားခဲ့တာ ဖြစ်ပါတယ်။ အခုလို ရောင်းချမယ့် ကိစ္စမှာ သူ့ကိုသာ ကြိုအသိပေးခဲ့ရင် သူ့ရဲ့ Master Recording ကို ပြန်ဝယ်ကောင်း ဝယ်မှာဖြစ်ပေမဲ့ အသိပေးတာမရှိဘဲ ရောင်းချခဲ့တဲ့အပေါ်ကိုလည်း Taylor Swift က ဝေဖန်ခဲ့ပါသေးတယ်။
လောလောဆယ်တော့ Taylor Swift ရဲ့ Album ၆ ခုနဲ့ ပတ်သတ်တဲ့ ရပိုင်ခွင့်နဲ့ ထိန်းချုပ်ပိုင်ခွင့်တွေမှာ အရင်ကလောက် မရတော့ပါဘူး။ ဒါက အပေါ်မှာ ပြောခဲ့သလိုပါပဲ "ဂီတပညာရှင်ပေါက်စတွေနဲ့ ဂီတနဲ့ပတ်သတ်ပြီး ရည်မှန်းချက်ရှိတဲ့ လူငယ်တွေ ဒီစာကို ဖတ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်တဲ့အခါ ကိုယ့်ဘက်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သင်ခန်းစာယူဖို့ပါ။ ကိုယ်ဖန်တီးတဲ့ အနုပညာကို ကိုယ်ပဲပိုင်သင့်ပါတယ်"
___END___
Notes
Master Recordings ဆိုတာ ဘာလဲ?
အနုပညာရှင်တစ်ယောက်ရဲ့ Master Recordings ဆိုတာက သူတို့ရဲ့ သီချင်းတွေကို အသံသွင်းတုန်းက ယူခဲ့တဲ့ မူရင်း အသံဖိုင်တွေ တစ်နည်းပြောရရင် သီချင်းမဖြစ်သေးတဲ့ မူကြမ်း အသံဖိုင်တွေကို ပြောတာပါ။ ဒါတွေကို ဥပဒေကြောင်းအရ ပိုင်ထားတဲ့သူက မူပိုင်ခွင့်ရထားတဲ့သူနဲ့ နည်းတူ ဒီ record တွေကို အပြည့်အဝ ထိန်းချုပ်ခွင့် ရမှာပါ။ လိုင်စင် ကိစ္စတွေ၊ ဒီကနေရလာမယ့် ဝင်ငွေကိစ္စတွေ အစရှိသဖြင့်ပေါ့။
Label တွေက ဒီ record ကို ထိန်းသိမ်းဖို့အတွက် တာဝန်ရှိနေတဲ့အတွက် သူတို့က Master Recordings တွေကို ပိုင်နေတတ်ပါတယ်။ အဲ့ဒါနဲ့ပတ်သတ်ပြီး သတင်းတွေမှာလည်း ဖော်ပြခဲ့တာကိုတွေ့ခဲ့ကြပါသေးတယ်။
(၂၀၀၈ လောက်တုန်းက Universal Studio Hollywood မီးလောင်တုန်းက Master Recordings အများစု မီးထဲပါပြီး ပျက်စီးသွားခဲ့တာအခါ Artists တွေဘက်က သူတို့ရဲ့ Masters တွေကို ကာကွယ်ဖို့အတွက် UMG ကို စာချုပ်ဆိုင်ရာ တာဝန် ဝတ္တရားချိုးဖျက်မှုတွေနဲ့ တရားစွဲဆိုခဲ့ကြတာကို New York Times မှာဖော်ပြခဲ့ပါသေးတယ်။)
ဘာကြောင့် Master Recordings တွေကို Labels တွေက ပိုင်နေရတာလဲ?
Labels တွေက မကြာခဏဆိုသလို ပရိုမိုးရှင်းကိစ္စတွေ လုပ်ဖို့အတွက် အနုပညာရှင်တွေဆီက မူပိုင်ခွင့်ကို ထိန်းသိမ်းထားပြီး အသံသွင်းတဲ့ လုပ်ငန်းစဥ်် တစ်ခုလုံးမှာလည်း စီမံပေးရပါတယ်။ ဒီသဘောတူညီမှုတွေကြောင့် Labels တွေက အနုပညာရှင်တွေရဲ့ သီချင်းတွေကို ထုတ်ဝေခွင့်ရှိပြီး ဖြန့်ချိရေးကိစ္စတွေ၊ လိုင်စင်ကိစ္စတွေကနေ ဝင်ငွေရှာဖွေဖို့ခွင့်ပြုပေးရပါတယ်။ နောက် သူတို့က ထုံးစံအတိုင်း သီချင်းတွေအတွက် အနုပညာရှင်တွေကို ဝေစုတစ်ခုအနေနဲ့ (Royalties Share တွေ) ပြန်ပေးရပါတယ်။
သီချင်းတွေရဲ့ မူပိုင်ခွင့်ကိုတော့ ပုံမှန်ဆိုရင် သီချင်းရေးဆရာတွေကပဲ ကိုင်ထားတာ များပါတယ်။ အဲဒီမူပိုင်ခွင့်တွေကနေပဲ သီချင်းကို ဘယ်နေရာမှာ ဘယ်လိုသုံးသလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး သူတို့အတွက် ရပိုင်ခွင့်တွေ ရှိပါတယ်။
သီချင်းတစ်ပုဒ်ကို ရုပ်ရှင် ဒါမှမဟုတ် တီဗီစီးရီးတစ်ခုမှာ သုံးမယ်ဆိုကြပါစို့။ သီချင်းရဲ့ တစ်စိတ်တစ်ပိုင်းကို သုံးခွင့်ရဖို့အတွက် သီချင်းရေးတဲ့သူဆီမှာ ခွင့်ပြုချက် တစ်ခါယူ၊ ပြီးရင် recording (တစ်နည်းအားဖြင့် အသံဖိုင်) ကို သုံးဖို့အတွက် Master Recording တွေကို ပိုင်တဲ့ Label တွေဆီမှာ တစ်ခါယူကြရတတ်ပါတယ်။