2000 Music Essay (Part-1)

September 9, 2025

2000 Music Essay (Part-1)

ဂီတအမျိုးအစားတွေ သိမှ ဂီတကို ဖန်တီးနိုင် ခံစားနိုင်တာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ဂီတအမျိုးအစားတွေကို သိလာခြင်းကတော့ မိမိရဲ့ ဂီတအပေါ် သိမှတ်နားလည်မှု အမြင်တွေကို ချဲ့ထွင်ပေးနိုင်ပါတယ် ။ မိမိရဲ့ ဖန်တီးမှုတွေအပေါ် မေးခွန်းထုတ်စရာ စမ်းသပ်စရာ ပေါင်းစပ်ဖန်တီးစရာတွေ ရရှိလာနိုင်ပါတယ် ။ ဂီတအမျိုးအစားတွေ ပိုမိုကျယ်ပြန့်စွာ သိလာရတာနဲ့အမျှ (ကမ္ဘာပေါ်မှာ ရှိနေတဲ့ ဂီ./နတတအမျိုးအစားတွေနဲ့စာရင် ) ကျွန်တော်တို့ဆီမှာ ဂီတအမျိုးအစားအနည်းငယ်သာ ရှိနေခြင်းနဲ့ အဲဒီ ရှိနေတဲ့ ဂီတအမျိုးအစားတွေနဲ့ နိုင်ငံတစ်ခု လူမျိုးတစ်ခုရဲ့ စိတ်ဝိညာဉ်အမျိုးအစား ဆက်စပ်နေပုံတွေကိုပါ လေ့လာနိုင်လိမ့်မယ် ။ ဘာဖြစ်လို့ တချို့အမျိုးအစားတွေက လူထုကြား ဒါမှမဟုတ် ပင်မရေစီးထဲ ရောက်လာနိုင်ပြီး ဘာဖြစ်လို့ တချို့ဂီတအမျိုးအစားတွေကျတော့ နိုင်ငံအတွင်း ဖြတ်သန်းခွင့် မရှိခဲ့သလဲပေါ့ ။

ကိုယ့်ကိုယ်ကို ဂီတနဲ့ပတ်သက်ခဲ့ပုံတွေ ပြန်စဉ်းစားကြည့်တော့ ဒီလိုတွေ့ရတယ် ။ ခြောက်တန်းလောက်မှာ ဂီတရဲ့ ရသကို စ မြည်းစမ်းမိတယ် ။ ခင်၀မ်း ၊ စိုင်းထီးဆိုင် ၊ ခင်မောင်တိုး ၊ ကိုင်ဇာ ၊ လွမ်းမိုး ၊ စိုးလွင်လွင် စသဖြင့် Burmese Pop တွေနဲ့ပေါ့ ။ အနောက်တိုင်းက ပေါ့ပ် စတိုင်ကို ယူထားတာတွေ ဖြစ်ပေမယ့် ဒီက အငွေ့အသက်တစ်ခုက ပါရှိပေါင်းစပ်နေတာကို ခံစားမိနိုင်တယ် ။ စိုင်းထီးဆိုင်နဲ့ ခင်မောင်တိုးရဲ့ သီချင်းမျိုးတွေပေါ့ ။ (ထင်းရှူးပင်ရိပ်လွမ်းမိုးမှုနဲ့ ဆင်းသက်လာတဲ့ မြန်မာခေတ်ပေါ်ကဗျာ ဖြစ်ပေါ်လာပုံနဲ့လည်း ခပ်ဆင်ဆင်ပါပဲ )

အေမနဆ ၃၅ဟတဆ၇ပအ ၂၃သငိ?

?။ရှိပါတယ် ။


ဇော်၀င်းထွဋ်ကို ရွက်လွင့်ခြင်း ရွေရောင်အိပ်မက် ,ကြယ်တံခွန် အစမ်းသပ်ခံအသည်းနှလုံး (Pop/Soft Rock) တို့နဲ့ လူသိများကြပေမယ့် မောဟစားသူများ ဂန္ဓ၀င်စိမ်း ကန္တာရခရီးသည် လှပတဲ့အဆိပ် အချစ်သေနတ် စတဲ့ လူကြိုက်များခဲ့တဲ့ Glam Metal , Heavy Metal သီချင်းတွေလည်း ရှိသလိုပေါ့ ။ လေးဖြူဟာ အလင်းရောင် ၊ အသည်းကွဲသီချင်းသစ် (နှစ်ပုဒ်စလုံး Nazareth ရဲ့ Rock) စတဲ့သီချင်းတွေနဲ့ပေါက်ခဲ့ပေမယ့် ပင်လယ်အော်သံ ၊ ပါဝါ ၅၄ စတဲ့အခွေတွေထဲက သီချင်းအများစုကတော့ Heavy Metal တွေ ဖြစ်နေသလိုမျိုး ။ ၉၀ခုနှစ်တွေရဲ့ ဟယ်ရီလင်း ၊ ထွဏ်းထွဏ်း၊ ဖိုးကျော် ၊ ဘီလီထွန်း ၊ ခရစ္စတိုဖာ ၊ ဒီဥက္ကာ ၊ ရင်ဂို ၊ အငဲ ၊ မျိုးကြီး တို့ရဲ့ စီးရီးတွေဟာလည်း ထို့အတူပါပဲ ။ Rock နဲ့ Metal ရောနေခဲ့တယ် ။



Alice Cooper, Kiss , Aerosmith ,Van Halen စတဲ့ Band တွေကိုတော့ ရော့ခ်နယ်စပ်ကနေ မယ်လ်တယ်ကို အရောက်ကူးသန်းနေသူတွေ အဖြစ် မြင်တွေ့ရမယ် ။ Rock ရဲ့ ဘော်ဒီထဲ တွယ်ကပ်နေတဲ့ Blues , Pop နဲ့ Rock n Roll ကို ဖယ်ရှားပြီး Metal အဖြစ် ပီပီပြင်ပြင် ပေါ်ပေါက်စေခဲ့သူတွေကတော့ Judas Priest, Motörhead , Iron Maiden နဲ့ Dio တို့​ ဖြစ်တယ် ။ Metallica တို့လို ၈၀ခုနှစ်တွေမှာထွက်ခဲ့သမျှ အစောပိုင်း အယ်လ်ဘမ်အားလုံး Thrash Metal အထိ စောရောက်နေပြီး ၁၉၉၁ ခုနှစ် Metallica ရဲ့ Metallica အယ်လ်ဘမ်ထွက်လာတဲ့အခါမှာတော့ Hard Rock , Heavy Metal ပုံစံတွေ ပြန်ဖြစ်သွားတာလည်း ရှိတယ် ။

အဲဒီ မယ်တယ်လစ်ကယ် အယ်လ်ဘမ်မှာ ပါတဲ့ "Enter Sandman ဟာ မျိုးကျော့မြိုင်ကောင်းမှုနဲ့ လေးဖြူရဲ့ ထွက်ပေါက် ဖြစ်လာ ၊, Sad but True က ဟယ်ရီလင်းရဲ့ “ထူးဆန်းသော စိတ်ဓာတ်များ” Nothing Else Matters က ချမ့်ခိုင်ရဲ့ “အိပ်မက်ဆိုး” စသဖြင့် ကော်ပီ မယ်လ်တယ်တွေ ဖြစ်လာခဲ့တယ် ။ မြန်မာရော့ခ်ကာတွေ အများဆုံး ကော်ပီယူခဲ့တဲ့ L.A Guns , Skid Row , Scorpions , Bon Jovi , Firehouse, Bryan Adams , Aerosmith , Europe စတဲ့ Band တွေရဲ့ ရော့ခ်ပုံစံတွေက ၈၀ ၉၀ မြန်မာလူငယ်တွေရဲ့ ရင်ခုန်သံနဲ့ ​တုန်ခါနှုန်းခြင်း နီးစပ်ပုံရပြီး အနောက်ကမ္ဘာမှာ ၇၀ ၈၀ ကတည်းက ရှိခဲ့တဲ့ Pink Flyod , Queen , AC/DC , Red-Hot ChiliPeppers , R.E.M , Sonic Youth ရဲ့ ဂီတပုံစံတွေကတော့ ဒီမှာ တစ်ယောက်တလေ တစ်ပုဒ်တလေ စမ်းသပ်တာကလွဲရင် မတွေ့ရသလောက်ပါပဲ ။

ဒါကို ကြည့်ရင် မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ၈၀ ၉၀ရော့ခ်ဂီတဆိုတာ Rock, Pop rock , Glam metal , Arena Rock , Rock and Roll , Blues rock , Pop Metal တွေရဲ့ လွမ်းမိုးမှုများများ Power Metal ၊ Doom Metal ပါဝင်မှု အနည်းငယ်စီနဲ့ ပေါ်ပေါက်ခဲ့ပြီး Psychedelic rock , Krautrock, Progressive rock , Punk နဲ့ Alternative rock တွေရဲ့ လွမ်းမိုးမှုကတော့ အလွန်နည်းပါးခဲ့တယ်လို့ ဆိုနိုင်တယ် ။



၉၀ခုနှစ် အလယ်လောက်မှာတော့ ချမ့်ခိုင်ရဲ့ “နက္ခတ်သစ်တစ်ခု မွေးဖွားခြင်း” စီးရီကို Thrash Metal copy သီချင်းများဆိုတဲ့ ကြော်ငြာစာသားနဲ့ ထွက်လာခဲ့တယ် ။ Thrash Metal ဆိုပေမယ့် Heavy Metal ပိုဆန်တဲ့ Metallica ရဲ့သီချင်းတွေကို အများဆုံး ကော်ပီယူထားတာသာ ဖြစ်ပြီး Slayer တို့ Anthrax တို့ Sepultura တို့ရဲ့ Thrash Metal တော့ မဟုတ်ခဲ့ပြန်ဘူး ။ ခရစ္စတိုဖာရဲ့”ညများရဲ့သီချင်း” (၁၉၉၇) စီးရီးထဲမှာလည်း Metallica ရဲ့ for whom the bell tools ကို ပြန်ကိုင်ထားတဲ့ "ပြေး"ဆိုတဲ့တစ်ပုဒ်ပါတယ် ။ မူရင်းကို မမီနိုင်ပေမယ့် ၉၀ခုနှစ်တွေထဲမှာတော့ အတော်လေး ပြင်းထန်တဲ့ Thrash copy တစ်ပုဒ်ပါပဲ။ ဒီကာလတုန်းက ဒီမှာ Thrash ဖြစ်ဖို့ စောနေသေးတာလား နောက်ကျနေတာလားဆိုတာတောင် ပြောရခက်ခက်ပါပဲ ။



--

Speed Metal ကို မမီနိုင်သေးတဲ့ ၉၀ခုနှစ်နှောင်းပိုင်းများ


ကျွန်တော် ရှစ်တန်းနွေရာသီကျောင်းပိတ်ချိန် ၁၉၉၇ မှာတော့ Death Metal , Thrash Metal နဲ့ Speed Metal တွေကို နားထောင်ဖူးခဲ့တယ် ။ ပြင်ဦးလွင်က ပြောင်းလာတဲ့ ရော့ခ်ခရေဇီ အစ်ကိုကြီး တစ်ယောက်ရဲ့ ကျေးဇူးနဲ့ပေါ့ ။


ကမ္ဘာမှာ Rock/Metal Band တွေအနေနဲ့တော့ သူတို့ဟန်အတိုင်း အယ်လ်ဘမ်တွေ ဆက်ထွက်နေခဲ့ပေမယ့် ရော့ခ်ရေစီးကြောင်းအရ ပြောရရင်တော့ Rockနဲ့ Metal ရဲ့ မျိုးစိပ်ခွဲ (Subgenres) တွေ ၊ပေါင်းစပ်ပုံစံ (Fusion genres )တွေ အများကြီး ထပ်ထွက်လာခဲ့ပြီ ။ Folk ,Soul , Rock n Roll , Country , Blues တို့နဲ့ ဘိုးဘွားတော်စပ်ခဲ့တဲ့ Rock ဟာ ၈၀ခုနှစ်တွေအကုန်မှာတော့ Punk , Elecrto , rap , Power pop , Britpop တွေနဲ့ ပေါင်းစပ်မိပြီး ဆန်းပြားတဲ့ ဂီတအမျိုးအစားအများအပြားကို ဖြစ်ပေါ်စေခဲ့တယ် ။ (Alternaitve ရဲ့ အစပေါ့ )


ထို့အတူ Metal ဟာ ၈၀ ၉၀ တွေမှာ Punk မျိုးစိပ်ထဲက Punk Genres တချို့နဲ့ (အထူးသဖြင့် ဆီယက်တယ်က Generation X တွေနဲ့ )သွားပေါင်းမိပြီး တချို့က Grunge ဖက်ကို ယိမ်း ၊ တချို့က (Hardcore Punk နဲ့ ပေါင်းပြီး ) Thrash ဖက်ကို ရွေ့သွားခဲ့တယ် ။ Hardcore Punk ဆိုတာ Metal ရဲ့ ၈၀ခုနှစ် ကိုင်းခွဲတစ်ခုဖြစ်တဲ့ Hardcore နဲ့ ၇၀ခုနှစ်တွေထဲ Ramones တို့ Sex pistols တို့ ရော့ခ်တွေ မယ်လ်တယ်တွေကို ဂရုမစိုက်ပဲ အလွတ်ကြီးလုပ်ထားတဲ့ Punk ဆိုတာကြီးနှစ်ခု ပေါင်းစပ်ထားတဲ့ မျိုးစိပ်တစ်ခုပေါ့ ။


၉၀ခုနှစ်အစောပိုင်းတွေမှာ ကမ္ဘာမှာ ရော့ခ်/မယ်လ်တယ်ရေစီးဟာ Alternative Rock နဲ့ Extreme metal တွေအဖြစ် ရွေ့လျားနေချိန် ကျွန်တော်တို့ဆီမှာ (mainstreamမှာ ) လေးဖြူရဲ့ ဂီတမဉ္ဇူရီ ၊ အငဲရဲ့ ဆာဟာရ ၊ ရင်ဂိုရဲ့ ဒဏ်ရာဝတ်စုံ ၊ ဟယ်ရီလင်းရဲ့ ကျောက်ခေတ်ရဲ့နောက်ဆုံးနေ့ စီးရီးတွေကို ဖီးလ်လို့ သိပ်​ကောင်းနေတုန်း အချိန်ပေါ့ ။ အဲဒီအချိန်မှာ ကျွန်တော်တစ်ယောက် ရော့ခ်မိတ်ဆွေကြီး ကျေးဇူးနဲ့ Death , Thrash နဲ့ Alternative ကို နားထောင်ဖူးခဲ့တယ်ပေါ့လေ ။



Nirvana ကို စနားထောင်ခဲ့ဖူးပေမယ့် Grunge တို့ Alternative တို့ကိုတော့ မသိလည်းမသိ ခံလည်း မခံစားတတ်ပါဘူး ။ ဒါပေမယ့် Death နဲ့ Thrash ကိုတော့ ကျွန်တော် ကြိုက်သွားခဲ့တယ် ။ Slayer, Death, Pantara , Suffocation , Sepultura စသဖြင့် သူ့ဆီမှာ Death နဲ့ Thrash ချည်း ၁၅ခွေလောက် ရှိတယ် ။ သူ ရန်ကုန် ဗိုလ်ချုပ်ဈေးထဲက နိုင်ငံခြားအခွေတွေသီးသန့်ရောင်းတဲ့ ဆိုင်တဆိုင်က ဝယ်လာခဲ့တာတဲ့ ။ ကျွန်တော်တို့မြို့က အခွေဆိုင်တွေမှာက မိုက်ကယ်ဂျက်ဆက်နဲ့ စီလင်းဒီယွန်ပဲ ရှိတာလေ။



၉၇ခုနှစ်ဝန်းကျင်မှာ ချမ့်ခိုင်ရဲ့ “နက္ခတ်သစ်တစ်ခု မွေးဖွားခြင်း”နဲ့ နိုင်းအာရာရဲ့ “ဂါဂါဂူးတဲ့ကမ္ဘာ” စီးရီးတွေ ထွက်လာခဲ့တယ် ။ ချမ့်ခိုင်က ကော်ပီသီချင်းတွေဖြစ်ပြီး နိုင်းအာရာမှာ ကိုယ်ပိုင်သံစဉ်တချို့ပါတယ် ။ Thrash Metal ကို ကိုင်ဖို့ ကြိုးစားထားတာ ရင်ခုန်ဖွယ် တွေ့ရတယ် ။ ရော့ခ်ဂီတရဲ့ခြေလှမ်းသစ်ကို စဖို့ ကြိုးစားတာကို အသိမှတ်ပြုပေမယ့် Thrash ရဲ့ အပေါ်ယံစတိုင်ကိုသာ ရပြီး စာသားပိုင်း သီဆိုတီးခတ်မှု အသံဖမ်းယူမှုတွေမှာ မူရင်းThrash ရဲ့ volt အားကို မပြည့်မီနိုင်ဘူးလို့ ခံစားရတယ်။



အသစ်လုပ်တာကို လူတွေ နားမလည်လို့ အားမပေးတာလား ၊ ဂီတကို ဖန်တီးပြုလုပ်ပုံကိုက failဖြစ်လို့လား စဉ်းစားစရာပါပဲ ။ David Bowie ရဲ့ Art rock တွေကို ဒွေးက (ဇာတ်ဝင်သီချင်းအတွက်) ကော်ပီပြန်ဆိုထားတဲ့ သီချင်းတွေလိုပါပဲ ။ ဘာမှကို မဆိုင်တာ ။ ထို့အတူ ဇော်ထက်ရဲ့ အနာဂတ်တောင်ပံ (၁၉၉၄)မှာ Smell like teen spirit ကို ကော်ပီလုပ်ထားတဲ့ တစ်ပုဒ်ပါပြီး ကျော်ဟိန်းရဲ့ ဝီရရသ (၁၉၉၈) မှာလည်း Nirvana နှစ်ပုဒ်အပါအဝင် Pink Flyod တွေေရော Bob Dylan တွေပါ ပါခဲ့တယ် ။ အတော် စောကြတဲ့ ဂီတအမျိုးအစားသစ်ကော်ပီယူသူတွေ ဆိုပေမယ့် Grunge တို့ Psychedelic Rock တို့ရဲ့ အရသာကိုတော့ မကူးယူနိုင်ခဲ့ပါဘူး ။ Metallicaရဲ့ Enter sandman ကို ကော်ပီထားတာချင်းတူပေမယ့် လေးဖြူရဲ့ “ထွက်ပေါက်”နဲ့ ဖိုးကျော်ရဲ့ “အက်ဆက်ည” ကွာသလိုပေါ့ ။ ကော်ပီချင်းတူ အငဲရဲ့ ချစ်သူဂီတည နဲ့ ဘီလီထွန်းရဲ့ ရာဇဝင်တွင်မယ့်အနမ်း မတူသလိုပေါ့။ ဒီလို ကော်ချင်းတူပြီး “ကွာ”ချင်း ကွာနေတာ မျိုးလည်း အများကြီး ရှိပါသေးတယ် ။ ။ ပြဿနာက ဒီမှာ စပါတယ် ။


ကမ္ဘာမှာ ရော့ခ်နဲ့မယ်လ်တယ်က နောက်လယ်ဗယ်တစ်ခုကို သွားနေပေမယ့် ကျွန်တော်တို့ဆီမှာ ပြတ်ကျန်ခဲ့ရခြင်း အကြောင်းပေါ့ ။ Thrash နဲ့ Death ကို ဆက်သွားဖို့ တံတားတွေဖြစ်တဲ့ ကျွန်တော်တို့ (၈၀ ၉၀ခုနှစ်)ဆီမှာ Hardcore လည်း မရှိ ၊ Punkလည်း မရှိခဲ့တာကတစ်ကြောင်း ၊ ပိုပြီး မြန်ဆန်ကြမ်းတမ်းတဲ့ metal ရေစီးနောက် မလိုက်နိုင်ရင်တောင် Alternative လို အခြားဂီတမျိုးစိပ်တွေနဲ့ပေါင်းစပ်ပြီး ရှေ့ဆက်ဖို့ Punk အပါအဝင် ၊ new wave လို ဂီတအရွေ့တွေ ၊ ဖြည့်စွက်စရာ Art (Art pop)တွေ၊ Noise တွေ ၊ Progressive rock လိုမျိုး စမ်းသပ်ထားတာတွေလည်း မရှိခဲ့ဘူးလေ (မရှိသေးဘူးပေါ့) ။



သွှအောင် ၊ ဂျွန်သင်ဇမ်း ၊ မင်းမင်းလတ်၊ ပလေးဘွိုင်းသန်းနိုင် ၊ ဘိုတောက်၊ တိုမီကျော်နိုင် စသူတို့မှာ ဆန်းသစ်တဲ့ ရော့ခ် တစ်ပုဒ်စ နှစ်ပုဒ်စ ရှိခဲ့သမျှတွေဆိုတာလည်း ဂီတအမျိုးအစားတစ်ရပ်အနေနဲ့ ရွေ့လျားပေါ်ပေါက်အောင် လုပ်ခဲ့တာမျိုးမဟုတ်ပဲ စီးရီးတစ်ခွေထုတ်ချိန်မှာ နှစ်သက်ရာ သီချင်းအမျိုးအစားအစုံအလင် ထည့်လုပ်လို့ ပါလာတာမျိုးလောက်ပဲ ။


အဲဒီမှာ ပြန်စဉ်းစားကြည့်ရင် ၇၀ ၈၀ ၉၀(အစောပိုင်း)ကျွန်တော်တို့ဆီက ဂီတသမားတွေရော ကျွန်တော်တို့ နားဆင်ခံစားသူ ပရိသတ်တွေရောရဲ့ ဂီတအပေါ် ခံစားသက်ဝင်မှုဟာ တိတိကျကျ မရှိဘူးဆိုတာ ပြနေသလိုပဲ ။ တနည်းအားဖြင့် မြန်မာနိုင်ငံမှာ ပန့်ခ်တွေ New Wave တွေ Rock တွေ Metal တွေ Blues တွေ Countery တွေ Reggae တွေ Funk တွေရယ်လို့ သီးခြားအုပ်စု သီးခြားလှုပ်ရှားမှု သီးခြားယဉ်ကျေးမှုရယ်လို့ မရှိပဲ (၆၀ ၇၀ ၈၀မျိုးဆက်)မြန်မာဖြစ်မှုသာ ရှိတယ်လို့ ဆိုရမယ် ။ မြန်မာအားလုံးက သီးခြားအမျိုးသားလက္ခဏာ သီးခြားအမှတ်အသားတစ်ခုတည်းနဲ့ ရှင်သန်နေသလို ဖြစ်နေလို့ပဲ ။



အဲဒီ (၉၀ မတိုင်မီ မျိုးဆက်) မြန်မာဖြစ်မှု ယဉ်ကျေးမှုအမှတ်လက္ခဏာရှိသူတွေကို အာလျပြေစေတာ ဆိုလို့ ကျေးလက်နေတွေအတွက် တွံတေးသိန်းတန် ၊ မြို့ပြနေတွေအတွက် စိုင်းထီးဆိုင်ပဲရှိတာ ။ တဖက်မှာ ဓာတ်ပြား​ခေတ်သီချင်းကြီးတွေရယ်၊ traditional အသံကဲတဲ့ တွံတေးသိန်းတံရယ် ၊ မင်းအောင် ၊ အနိုင် ၊ အောင်သူ စသူတို့ရဲ့ သီချင်းတွေ ဖြစ်ပြီး တဖက်မှာတော့ ကျွန်တော်အစောပိုင်းမှာ ကိုင်ဇာ ၊ ခိုင်ထူး၊ ဖိုးချို ၊ စိုးလွင်လွင် ၊ နေမျိုးဆေး ၊ ဗဒင် စသဖြင့်ပေါ့ ။ အနောက်တိုင်း Blues ၊ Country ၊ jazz ၊ RnBနဲ့ Pop တွေကနေ မြန်မာမှုပြုခဲ့တာတွေ ဖြစ်ပေမယ့် စိုင်းထီးဆိုင်ရဲ့သီချင်းပုံစံမျိုး တစ်ကမ္ဘာလုံးမှာ မြန်မာမှာပဲ ရှိနိုင်တာမျိုးလေ ။ ဦးအောင်ချိမ့်ရဲ့သမိုင်းဝင်စကား ငှားပြောရရင် “ပြည်တွင်းဖြစ် နိုင်ငံခြားအရက်”တွေပေါ့ ။ Burmese Pop တွေအဖြစ် Pure ဖြစ်ပြီးသားတွေပေါ့ ။ မြန်မာနိုင်ငံမှာ တသက်လုံး ရှင်သန်နေမယ့် သီချင်းတွေဟာ သူတို့သီချင်းတွေပဲ ဖြစ်လိမ့်မယ် ။


ဒီလို အပြောင်းအလဲနဲ့ ရွေ့လျားမှု နှေးကွေးလှတဲ့ ခေတ်စနစ်နဲ့ ယဉ်ကျေးမှုအောက်မှာ မြန်မာ့ဂီတဟာ ဟဲဗီးမယ်လ်တယ် အထိတော့ (ကမ္ဘာနဲ့ အနှစ်၂၀လောက် ဝေးကွာနေရင်းနဲ့ပဲ) ရွေ့နိုင်ခဲ့ပြီး ၉၀ခုနှစ်ထဲမှာတော့ ဟဲဗီးမယ်တယ်ကနေ ဘာဆက်လုပ်ရမှန်း ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေခဲ့တယ် ။ Marilyn Manson တို့ The Smashing Pumpkins တို့နဲ့ ဝေးနေတာဟာ အပြစ်မြင်စရာ မဟုတ်ပါဘူး ။ သူတို့ဆီမှာလည်း ဒီ ဂီတသစ်တွေကို လူတိုင်းလက်ခံတာမှ မဟုတ်တာ ။ ဒါပေမယ့် ကမ္ဘာမှာ တစ်ခေတ်ထလာတဲ့ Boy Band တွေရဲ့ ချိုအီနေတဲ့ ပေါ့ပ်သီချင်းတွေ Michael Learns to rock လို Pop rock အချစ်သီချင်းသံစဉ်လေးတွေကို ဒီက ဂီတသမားတွေ အလုအယက် ကော်ပီလုပ်ကုန်ကြ ပေါက်ကုန်ကြတာကတော့ စဥ်းစားစရာဖြစ်တယ် ။ အဲဒါကိုကြည့်ရင် ကျနော်တို့ဆီက အသစ်ဖြစ်မှုဆိုတာ ပေါ်ပင်ဆန်မှုဆီ ပိုတိမ်းညွတ်နေတာကို မြင်နိုင်တယ် ။



၈၀ခုနှစ်တွေကတည်းက အရှိန်ရနေပြီဖြစ်တဲ့ Punk , Psychedelic rock, Thrash, Industrial , Progressive rock , Metalcore , Alternative rock နဲ့ အခြားဂီတအမျိုးအစားများစွာဟာ ၉၀ခုနှစ် အလယ်လောက်အထိ မြန်မာပြည်ကို မရောက်ရှိနိုင်ခဲ့ဘူး ။ ၉၈ခုနှစ် ၊ ကျွန်တော် ကိုးတန်းမှာတော့ Marilyn Manson ကို စနားထောင်ရတယ် ။ (ဒါက အလက်ာဂျာနယ်ဖတ်ပြီး ဝယ်နားထောင်ကြည့်မိတာ) ၉၇မှာ Thrash နဲ့ Death ယဉ်ပါးခဲ့တဲ့ အခံကြောင့် Marilyn Mansonရဲ့ Antichrist Superstar (1996) ကို စိမ်းမနေတဲ့အပြင် သိပ်ကြိုက်သွားခဲ့တယ် ။ ဓနမဂ္ဂဇင်းရဲ့ တစ်လတာ အရောင်းရဆုံးကက်ဆက်ခွေစာရင်းမှာ Big 5 (ဇော်ဝင်းထွဋ် ၊ ထူးအိမ်သင် ၊ မျိုးကျော့မြိုင် ၊ ဘိုဘို ၊ စည်သူလွင်) ချစ်သောကမ္ဘာမြေ စီးရီးနဲ့ ၊ ဝိုင်ဝိုင်း နေဆယ်စင်း ၊ ထွန်းအိန္ဒြာဗိုနဲ့ အဲလက်စ်ရဲ့ ဆုံနိုင်ခွင့် တို့ ထိပ်ဆုံးရောက်နေချိန်ပေါ့ ။ Marilyn Manson ရဲ့ Industrial Metal အမျိုးအစားဆိုတာ အင်္ဂါဂြိုလ်က ဂီတလို ဝေးသွားခဲ့ပြီပေါ့ ။ ဒါပေမယ့် ကျောင်းနှုတ်ဆက်ပွဲမှာ သီချင်းတက်ဆိုတော့ ကျွန်တော် “ဆုံနိုင်ခွင့်”ပဲ ဆိုခဲ့တယ်လေ ။



အဲဒီ Thrash တို့ Industrial တို့ ဖန်တီးဖို့ Heavy metal ထက် မြန်ဆန်ရှုပ်ထွေးတဲ့ အကြောင်းအရာနဲ့အသံပြုလုပ်မှုတွေအတွက် လုံလောက်တဲ့ အာရုံခံစားမှု ကျွန်တော်တို့မှာ ရှိမနေခဲ့ဘူးလေ ။ အထူးသဖြင့် ဒီပြဿနာက Lyric ပိုင်းမှာ သိပ်သိသာတယ် ။ Thrash , Black Metal စတဲ့ ပိုကြမ်းတဲ့ Metal ဂီတကို ဆက်သွားဖို့ Pop rock ခေတ်ကလို ချွဲပျစ်နေတဲ့ မယ်လိုဒရမ်မာစာသားတွေနဲ့ ဆက်သွားလို့ မရနိုင်တော့သလို နိုင်ငံရေး ၊ အစိုးရ ၊လူ့အဖွဲ့အစည်းနဲ့ ဘာသာရေးကို ဒေါသတကြီးတုံ့ပြန်ဖို့အထိလည်း အတွေးအခေါ်တွေ စိတ်နှလုံးတွေက အဲသလောက် ဆူပွက်ရဲတင်းမှု မရှိကြသေးဘူးလေ ။



ဒါပေမယ့် အသစ်အဆန်းတွေ စမ်းချင်ကြတဲ့ ရော့ခ်ဆရာ တစ်ဦးစနှစ်ဦးစကတော့ ရှိခဲ့တာပါပဲ ။ ဥပမာ အဖြူရောင်အခန်း (၁၉၉၅) ထဲက ဟယ်ရီလင်းရဲ့ လူသားကျွနုပ်တို့သမိုင်း (ကော်ပီ)ဟာ ကျွန်တော့်အထင် Rob Zombie ရဲ့ သီချင်းဖြစ်လိမ့်မယ် ။ ရှားရှားပါးပါး Industrial Metal တစ်ပုဒ်ပေါ့ ။ ပြီးတော့ ဆဌကမ္ဘာ ၉၆ ထဲက ရင်ဂိုရဲ့ ပစ္စပ္ပာန် ၊ မျိုးကျော့မြိုင်ရဲ့ မျက်လုံးများဖွင့်ကြည့်လိုက်ပါ ။ ရင်ဂိုသီချင်းက Punk ဖြစ်ပြီး မျိုးကျော့မြိုင်သီချင်းက Alternative rap တစ်ပုဒ်ဖြစ်တယ် ။ ၁၉၉၆မှာနော် ။



ထို့အတူပဲ ၈၀နဲ့ ၉၀ခုနှစ်(အစောပိုင်း)တွေမှာလည်း ထူးခြားတဲ့ ဂီတသမားတချို့ ရှိခဲ့ပါတယ် ။ ပိုပြီး ဆူညံပြင်းထန်တဲ့ metal ဂီတရေစီးအတိုင်း မလိုက်ပါနိုင်ခဲ့ပေမယ့် ဆန်းသစ်တဲ့ဂီတမျိုးစိပ်တချို့ကို စမ်းသပ်နေသူတွေ ရှိခဲ့တယ် ။ ခင်ဝမ်းရဲ့ ညကောင်းကင်ရဲ့ တေးသမား ၊ သွှအောင် နဲ့ ဂျွန်သင်ဇမ်းတို့ရဲ့ သီချင်းတချို့ ၊ ဘိုတောက် ရဲ့ အင်္ဂါဂြိုဟ်ပေါ်မှ သက်ရှိသတ္တဝါ ၊ စိုင်းခမ်းလိတ်နဲ့စိုင်းထီးဆိုင်ရဲ့ အစောပိုင်း စီးရီးတချို့ ၊ ဒဲရစ်မေလာရဲ့ ခေတ်သစ်ရေစီး(၁၉၉၆) ၊ Synthesizer music တွေ Electro ဂီတနဲ့ rap တွေအပြင် Krautrock စတိုင်တွေ Rap Rock တွေပါ ပါဝင်လာခဲ့တဲ့ မျိုးကျော့မြိုင်ရဲ့ မိုးတွေရွာနေချိန်ခဏ(၁၉၉၀) နဲ့ ကမ္ဘာကြီးရဲ့အပြင်ဘက် (၁၉၉၃) ၊ Virus 3 (1994) ၊ Virus (၁၉၉၇) ၊ ပြီးတော့ ပင်မရေစီးသီချင်းတွေနဲ့လည်း မတူ ဘာအမျိုးစားမှန်းလည်း ခုထိ မသိရတဲ့ မျိုးမျိုး (ghostrider) ရဲ့ စီးရီးတွေ ၊ နောက်ပြီးတော့ ထူးအိမ်သင်ရဲ့ သီချင်းတွေပေါ့ ။ ၉၀ခုနှစ်တွေရဲ့ အလယ်ပိုင်းတွေမှာပေါ့ ။ The Ants ၊ ကိုင်ဇာတင်မုံနဲ့ ဒိုးလုံး တို့ ပေါ်မလာခင်လေးပေါ့ ။